အာဖရိကဖလားပြိုင်ပွဲဝင် DR ကွန်ဂိုလူစာရင်းမှ ချန်လှပ်ခံရတဲ့ နယူးကာဆယ်တိုက်စစ်မှူးဝစ်ဆာ
နယူးကာဆယ်တိုက်စစ်မှူးဝစ်ဆာက ဒီနှစ်နှောင်းပိုင်းမှာကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ DR ကွန်ဂိုအသင်းအတွက် ကိုယ်စားပြုပါဝင်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။
စက်တင်ဘာလအတွင်း ဘရန့်ဖို့ဒ်မှပြောင်းရွှေ့လာပြီးနောက် ဝစ်ဆာက ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာဖို့ ကြိုးစားနေရလို့ နယူးကာဆယ်အတွက် မကစားပေးနိုင်သေးပါဘူး။
ကံကောင်းထောက်မစွာနဲ့ ဝစ်ဆာရဲ့ကြံခိုင်မှု အပြည့်အဝကောင်းမွန်လာဖို့ အတော်လေးနီးစပ်လာပြီးနောက် ဒီဇင်ဘာလအတွင်း နယူးကာဆယ်အတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိပါတယ်။ အက်ဒီဟိုဝီကတော့ အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့လေ့ကျင့်ခန်းပြန်ဆင်းလာမှု ကို သဘောတွေ့နေမှာ သေချာပါတယ်။ နယူးကာဆယ်အတွက် ဝေါ်လ်တီမိတ်ရဲ့သွင်းဂိုးတွေ ဆက်လက်မြင်တွေ့နေရပေမယ့် ဘောလုံးရာသီတလျှောက်လုံးအတွက် အဓိပ္ပါယ်ပြည့်ဝတဲ့အရန်ကစားသမားတွေကို မမြင်တွေ့ရသေးပါဘူး။
ဒါ့အပြင် ကလပ်အသင်းပရိသတ်တွေကလည်း ဝစ်ဆာရဲ့ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်လာပြီး အသင်းအတွက် ပွဲအနည်းငယ်ပါဝင်ကစားကာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆီ လက်လွှတ်လိုက်ရမှာကို စိုးရိမ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ မော်ရိုကိုနိုင်ငံမှာကျင်းပမယ့် ပြိုင်ပွဲကြီးအတွက် DR ကွန်ဂိုလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် တိုက်စစ်မှူးကိုယ်တိုင်လည်း သူ့ရဲ့လက်ရွေးစင်အသင်းဖော်တွေအတွက် ဆုတောင်းပေးဖို့ပဲ ကျန်ရှိပါတော့တယ်။
ယမန်နေ့(တနင်္လာနေ့)မွန်းလွဲပိုင်းမှာ DR ကွန်ဂိုအသင်းက အာဖရိကဖလားပြိုင်ပွဲဝင်အသင်းလူစာရင်းကို အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒီလူစာရင်းမှာ ဝစ်ဆာကိုယ်တိုင် သိသိသာသာမပါဝင်လာတော့ဘဲ ဒီအချက်ဟာ သူတို့နိုင်ငံအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်နိုင်ပေမယ့် နယူးကာဆယ်ဘက်မှကြည့်ရင်တော့ သတင်းကောင်းတစ်ခုဖြစ်မယ်ဆိုတာ သေချာပါတယ်။
တိုင်းပြည်အတွက် ၃၅ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ တိုက်စစ်မှူးက ရှစ်ဂိုး သွင်းယူပေးထားပါတယ်။ ဝစ်ဆာက သူ့ရဲ့ Instagram စာမျက်နှာမှာ DR ကွန်ဂိုရဲ့အပြီးသတ်လူစာရင်းကို ဝေမျှလာပြီး “ ကျွန်တော်က ဒီအသင်းရဲ့နံပါတ်-၁ ပရိသတ် ဖြစ်လာပါလိမ့်မယ်။ ဒီမိသားစုကြီးကို အကြီးအကျယ်ထောက်ခံပေးပါတယ်”လို့ ရေးသားဖော်ပြခဲ့ပါတယ်။
အခုလိုအခြေအနေတွေကြောင့် ပေါင်သန်း ၅၀ တန်နယူးကာဆယ်တိုက်စစ်မှူးရဲ့ ကလပ်အသင်းအတွက် ပွဲဦးထွက် မကြာခင်မြင်တွေ့ရမယ်လို့ ခံစားလာရပါတယ်။ ဒါပေမဲ့ ရက်စွဲအတိအကျကိုတော့ မသိရသေးပါဘူး။ အခုဒဏ်ရာက ဝစ်ဆာရဲ့ကစားသမားဘဝသက်တမ်းမှာ အဆိုးရွားဆုံးအခြေအနေတစ်ခုဖြစ်လို့ အတော်လေးသတိထားနေရပါတယ်။ဝစ်ဆာကိုလည်း အလျှင်အမြန်ပြန်ကစားခိုင်းလို့ မရသေးပါဘူး။ လီဗာပူးနဲ့ အီဆက်ခ်တို့ရဲ့ဇာတ်လမ်းလိုပဲ ရာသီကြိုကာလလွဲချော်ခဲ့သူတွေကို အရှိန်အဟုန်ပြန်ရရှိစေဖို့ အချိန်ကာလတစ်ခုတော့ စောင့်ဆိုင်းပေးရပါမယ်။
စိတ်ဝင်စားစရာကောင်းတာက ဝစ်ဆာပြန်ကစားနိုင်မယ့်နေ့ရက်ကို ဟိုဝီကိုယ်တိုင်လျှို့ဝှက်ထားပြီး ဆုတ်ယုတ်မှုတစ်ခုရှိလာရင် အခြားသူတွေ စိတ်ပျက်သွားတာမျိုး မဖြစ်စေချင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဗာတန်ကိုအနိုင်ရရှိတဲ့ စနေနေ့ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဟိုဝီက “ စိတ်ထဲမှာတော့ ရက်စွဲတစ်ခု အတိအကျရှိပေမယ့် ဒါကို ကျွန်တော်တို့ ထိန်းသိမ်းထားချင်ပါတယ်။ ကျွန်တော်က ဘယ်သူ့ကိုမှ စိတ်မပျက်စေချင်ပါဘူး။ ကျွန်တော်တို့လည်း ဝစ်ဆာကို တက်နိုင်သမျှအမြန်ဆုံး ပြန်လိုချင်ပေမယ့် သူ့ရဲ့အကောင်းဆုံးစွမ်းဆောင်ပေးမှု ကိုလည်း လိုလားနေပြန်ပါတယ်”လို့ ပြောပါတယ်။