
မန်စီးတီးနည်းပြဟောင်း မန်ချီနီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ်ရှိတဲ့ နော်တင်ဟမ်ဖောရက်စ်
နော်တင်ဟမ်ဖောရက်စ်အသင်းဟာ နည်းပြ အန်ဂျီပိုစတီကိုဂလူကို ၃၉ ရက် အကြာမှာပဲ ရာထူးကနေထုတ်ပယ်လိုက်ပြီးနောက် မန်စီးတီးနည်းပြဟောင်း ရော်ဘတ်တိုမန်ချီန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖွယ် ရှိနေပါတယ်။
ပိုစတီကိုဂလူကို မနေ့ညက ချဲလ်ဆီးအသင်းကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချက်ချင်းထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ပိုစတီကိုဂလူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ သက်တမ်းအတိုဆုံးနည်းပြလည်းဖြစ်လာခဲ့ပါတယ်။
The Guardian နဲ့ The Times ရဲ့ဖော်ပြချက်အရ ဖောရက်စ်အသင်းပိုင်ရှင် အီဗန်ဂယ်လော့စ်မာရီနာကစ်က အသင်းလက်မဲ့ဖြစ်နေတဲ့ မန်ချီနီ နဲ့ ရှောင်ဒိုက်ချ် တို့အပါအဝင် နည်းပြတွေအများအပြားနဲ့ စတင်ဆွေးနွေးနေတယ်လို့သိရပါတယ်။
ဒိုက်ချ်ကတော့ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းကနေထွက်ခွာပြီးနောက်ပိုင်း အလုပ်မရသေးသလို မန်ချီနီကလည်း ၂၀၂၄ ခုနှစ်မှာ ဆော်ဒီလက်ရွေးစင်အသင်းကနေ ထွက်ခွာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ကိုပြန်လာဖို့ကြိုးစားနေသူဖြစ်ပါတယ်။
၂၀၁၂ ခုနှစ်မှာ မန်စီးတီးအသင်းကို ပထမဆုံး ပရီးမီးယားလိဂ်ဖလားရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ မန်ချီနီက အင်္ဂလန်ဘောလုံးလောကကိုပြန်လာဖို့ စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။
အသက် ၆၀ အရွယ်နည်းပြက အင်တာမီလန်၊ ဂါလာတာစာရေး၊ ဇင်းနစ် နဲ့ အီတလီလက်ရွေးစင်အသင်း တို့ကိုနည်းပြခဲ့တဲ့အတွေ့အကြုံတွေရှိပြီး ယူရို ၂၀၂၀ ဖလားကိုလည်း ရရှိခဲ့သူဖြစ်ပါတယ်။