The network connection is lost.

Banner Image

ဒွန်နာရမ်မာကိုရည်ရွယ်ပြီး အသင်းလောက်အရေးကြီးတာ ဘာမှမရှိဘူးလို့ ပီအက်စ်ဂျီအကြီးအကဲပြော

ပီအက်စ်ဂျီအသင်းရဲ့ ဘောလုံးအကြံပေး လူးဝစ်ကမ်ပို့စ်က ယခုနွေရာသီအတွင်း အသင်းမှထွက်ခွာပြီး မန်ချက်စတာစီးတီးသို့ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမား ဒွန်နာရမ်မာကိုရည်ရွယ်ပြီး အသင်းလောက်ဘာမှအရေးမကြီးဘူးလို့ ပြောကြားလာခဲ့ပါတယ်။ 

ကမ်ပို့စ်က ဒွန်နာရမ်မာဟာ လစာတိုးတောင်းခဲ့ကြောင်းနဲ့ အသင်းဘက်ကတော့ ပေါ်လစီနဲ့ကိုက်ညီဖို့အတွက် တိုးပေးလို့မရခဲ့တာကြောင့် နောက်ဆုံးမှာ ညှိနှိုင်းမှုတွေပျက်ပြယ်ပြီး ကစားသမားကို ရောင်းချခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ဒွန်နာရမ်မာဟာ ပီအက်စ်ဂျီအတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဆုဖလားကိုလည်း ပထမဆုံးအကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း နွေရာသီအတွင်းမှာတော့ ဒွန်နာရမ်မာနဲ့ ပီအက်စ်ဂျီတို့အကြား အကွဲအပြဲဇာတ်လမ်းတွေဖြစ်ပေါ်ခဲ့ပြီး အီတလီလက်ရွေးစင်ဟာ မန်စီးတီးသို့ ပေါင် ၂၆ သန်းနဲ့ပြောင်းရွှေ့သွားခဲ့ပါတယ်။ 

ယခုအခါမှာ ကမ်ပို့စ်က "ကလပ်က ဘယ်သူထက်မဆို ပိုပြီးအရေးကြီးပါတယ်။ ဒွန်နာရမ်မာက အသင်းကနေ လစာတိုးတောင်းခဲ့ပြီး လက်ရှိအသင်းရဲ့ပေါ်လစီနဲ့ မူဝါဒတွေအရ ကျွန်တော်တို့ဘက်က တိုးပေးလို့မရပါဘူး။ ဒါပေမယ့် သူနဲ့ထိုက်တန်တဲ့လစာမျိုးကိုတော့ ကျွန်တော်တို့ပေးချေခဲ့ပါတယ်။ ဒွန်နာရမ်မာရဲ့ပြဿနာကိုရှင်းဖို့ ကျွန်တော်တို့အချိန်ယူခဲ့ကြပြီး နောက်ဆုံးမှာတော့ အဖြေရှာမတွေ့ခဲ့လို့ သူနဲ့ သဘောတူညီမှုရရှိအောင် မညှိနှိုင်းနိုင်ခဲ့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကမ်ပို့စ်က ပီအက်စ်ဂျီဟာ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့လို ခေတ်ကလို ကစားသမားတစ်ဦးတည်းအပေါ်မှီခိုနေတဲ့ အခြေအနေမျိုးမဟုတ်တော့ဘဲ ကစားသမားတိုင်းအပေါ်မှာ အားကိုးထားတဲ့ အသင်းလိုက်လုပ်ဆောင်မှု ကို ပြောင်းလဲလာပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူက "တစ်သင်းလုံးက ကြယ်ပွင့်တွေချည်းပါပဲ။ လစာနဲ့ပတ်သက်တဲ့မူဝါဒတွေက အားလုံးအပေါ်မှာ သက်ရောက်ပါတယ်။ ကစားသမားတစ်ယောက်ကြောင့်နဲ့ ကလပ်ရဲ့ တည်ငြိမ်မှုက ပျက်ပြားသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ပီအက်စ်ဂျီကို ကာကွယ်သွားပါမယ်။ နည်းပြအပါအဝင် အသင်းရဲ့အရာရှိတွေအကုန်လုံးက ကစားသမားတွေရဲ့ ကျောထောက်နောက်ခံနဲ့ သမိုင်းကြောင်းတွေကိုကြည့်ပြီး ဘက်လိုက်တာမျိုးတွေ ပြုလုပ်သွားမှာမဟုတ်ပါဘူး။ ဒါက အသင်းရဲ့ပေါ်လစီပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်စီးတီးအတွက် ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားခဲ့ပြီး တည်ငြိမ်တဲ့လက်စွမ်းကို ဆက်လက်ပြသခဲ့ကာ ယူနိုက်တက်ကို ၃-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ လာမယ့် ကြာသပတေးနေ့မှာတော့ မန်စီးတီးဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် နာပိုလီနဲ့ ယှဉ်ပြိုင်သွားရပါမယ်။