ချဲလ်ဆီးနဲ့ပတ်သက်တဲ့ကောလာဟလတွေကို ဂရုမစိုက်ကြောင်းပြောကြားလာတဲ့ ရိုဆင်နီယာ
ချဲလ်ဆီးနဲ့လမ်းခွဲလိုက်တဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ အစားထိုးဖို့အတွက် ပထမဦးစားပေးပစ်မှတ်အဖြစ် သတင်းတွေထွက်ပေါ်နေတဲ့ စထရာဘော့နည်းပြ လီယမ်ရိုဆင်နီယာက သူ့အနေနဲ့ အဆိုပါကောလာဟလတွေကို ဂရုမစိုက်ကြောင်း တုံ့ပြန်ပြောကြားလာခဲ့ပါတယ်။
အီတလီလူမျိုးနည်းပြတစ်ဦးဖြစ်တဲ့ မာရက်စ်ကာဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ချဲလ်ဆီးနဲ့ တရားဝင်လမ်းခွဲခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံးပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၅ နေရာမှာရုန်းကန်နေရတာကြောင့် မာရက်စ်ကာအနေနဲ့ လမ်းခွဲဖို့သဘောတူခဲ့ရတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မာရက်စ်ကာဟာ ပက်ဂွါဒီယိုလာရဲ့နေရာကိုဆက်ခံဖို့အတွက် မန်ချက်စတာစီးတီးနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ထားပါတယ်။ စထရာဘော့အသင်းဟာ ချဲလ်ဆီးကိုပိုင်ဆိုင်တဲ့ BlueCo ကုမ္ပဏီရဲ့ လက်အောက်ခံအသင်းဖြစ်ပြီး ရိုဆင်နီယာဟာ သူ့ရဲ့ပထမဆုံးရာသီမှာပဲ စထရာဘော့ကို အဆင့် ၇ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့လို့ အထင်ကြီးလေးစားခြင်းကို ခံထားရသူဖြစ်ပါတယ်။
ရိုဆင်နီယာက "ကျွန်တော် ဒီသတင်းတွေကို သတိမထားမိပါဘူး။ တကယ်လို့ ခင်ဗျားက နည်းပြတစ်ယောက်ဖြစ်နေပြီး မီဒီယာတွေမှာ ပြောနေတာတွေကို လိုက်ဂရုစိုက်နေမယ်ဆိုရင် ခင်ဗျား ရူးသွားနိုင်ပါတယ်" "ကျွန်တော့်အလုပ်က ဒီမှာပါ။ ဒီကလပ်ကို ကျွန်တော် ချစ်တယ်။ မနက်ဖြန်ပွဲမှာ အနိုင်ရဖို့အတွက်ပဲ ကျွန်တော် အလုပ်လုပ်နေပါတယ်။ ခန့်မှန်းချက်တွေ ရှိနေတာကိုတော့ သိပါတယ်၊ ဒါပေမယ့် ဒါဟာ ဒီကလပ်မှာရှိတဲ့ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုအပေါ် ထင်ဟပ်နေတာလို့ပဲ ကျွန်တော် မြင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
သို့သော်လည်း လာမယ့် ၆ လအကြာမှာ သူ့အနေနဲ့ စထရာဘော့နည်းပြအဖြစ် ဆက်ရှိနေမှာလားဆိုတဲ့မေးခွန်းကိုတော့ ရိုဆင်နီယာက "ဘဝမှာ ဘယ်အရာကိုမှ အာမခံလို့ မရပါဘူး။ တခြားကလပ်တွေရဲ့ စိတ်ဝင်စားမှုနဲ့ ပတ်သက်ရင် ကျွန်တော့်ကို စိတ်ဝင်စားမှုတွေ အများကြီးရှိခဲ့သလို၊ ကမ်းလှမ်းချက်တွေလည်း ရှိခဲ့ပါတယ်။ ဒါတွေကို ကျွန်တော် အမြဲတမ်း ကလပ်အသင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အာရုံစိုက်မှုက အခုလက်ရှိ လုပ်နေတဲ့ အလုပ်အပေါ်မှာပဲ ရှိပါတယ်။ ဒါပေမယ့် တစ်နေရာမှာပဲ ကျိန်းသေရှိနေမယ် ဒါမှမဟုတ် တစ်ခုခုကို ကျိန်းသေလုပ်မယ်လို့ ပြောဖို့ကတော့ မသင့်တော်ဘူး ထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဘဝမှာ ဘာမဆို ဖြစ်သွားနိုင်လို့ပါ" လို့ဖြေကြားခဲ့ပါတယ်။
ရိုဆင်နီယာဟာသူ့ရဲ့နည်းပြဘဝကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ဟူးလ်စီးတီးအသင်းနဲ့အတူ စတင်ခဲ့ပါတယ်။ ရိုဆင်နီယာရဲ့လက်အောက်မှာ ဟူးလ်စီးတီးဟာ ပထမဆုံး ၁၈ ပွဲမှာ ၁၀ ပွဲအထိအရေးနိမ့်ပြီး ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့် ၂၁ နေရာမှာရပ်တည်ခဲ့ပါတယ်။ သို့သော်လည်း အဆိုပါရာသီအပြီးမှာတော့ အဆင့် ၁၅ နေရာနဲ့ရာသီသိမ်းနိုင်ခဲ့သလို၊ နောက်ရာသီမှာလည်း အဆင့် ၇ နေရာအထိ တိုးတက်လာခဲ့ပါတယ်။
ထို့နောက်စထရာဘော့သို့ပြောင်းရွှေ့ခဲ့ရာမှာတော့ ပွဲဦးထွက်ရာသီမှာပဲ အဆင့် ၇ နေရာရယူပေးခဲ့ကာ ဥရောပဝင်ခွင့်ရစေခဲ့ပါတယ်။ ယခုအခါမှာလည်း စထရာဘော့ဟာ ယူရိုပါကွန်းဖရန့်လိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင်ထားတာဖြစ်ပါတယ်။