The network connection is lost.

Banner Image

တော့တင်ဟမ်နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့မရှိကြောင်း အခိုင်အမာပြောကြားလာတဲ့ သောမတ်စ်ဖရန့်ခ်

တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က အသင်းဟာ မကြာသေးမီပွဲစဉ်တွေမှာ ရှုံးပွဲတွေတောက်လျှောက်ကြုံတွေ့ပြီး ရလဒ်ဆိုးဝါးနေပေမယ့် သူ့အနေနဲ့ ရာထူးကနေထုတ်ပယ်ခံရဖို့မရှိတာကြောင့် စိတ်ပူခြင်းမရှိကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

တော့တင်ဟမ်ဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၃ ပွဲမှာ ၃ ပွဲသာနိုင်ခဲ့တာကြောင့် ဖရန့်ခ်ရဲ့စွမ်းဆောင်ရည်တွေအပေါ်မေးခွန်းထုတ်မှုတွေရှိလာခဲ့ပြီး ဖိအားတွေလည်းတိုးလာခဲ့ပါတယ်။ စနေနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာလည်း တော့တင်ဟမ်ဟာ ဖူလ်ဟမ်ကိုအိမ်ကွင်းမှာအရေးနိမ့်ခဲ့တာကြောင့် အိမ်ကွင်းနိုင်ပွဲမရတာ ၃ လခန့်အထိကြာမြင့်နေပြီလည်းဖြစ်ပါတယ်။ 

ဒါ့အပြင် ရလဒ်ဆိုးတွေကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေအကြားမှာလည်း ဆက်ဆံရေးတင်းမာမှုတွေရှိလာကြောင်း သတင်းတွေထွက်ပေါ်ထားပါသေးတယ်။ တော့တင်ဟမ်အနေနဲ့ အသင်းရဲ့ဘောလုံးဆိုင်ရာဆုံးဖြတ်ချက်တွေကို ဗီနိုင်ဗန်ကိတ်ရှမ်ဦးဆောင်တဲ့ ဘုတ်အဖွဲ့ကိုလုပ်ပိုင်ခွင့်ပေးထားတာဖြစ်ပေမယ့် ရလဒ်တွေတိုးတက်လာခြင်းမရှိရင်တော့ စမ်းသပ်မှုတွေပြုလုပ်ခံရနိုင်ပါတယ်။ 

လာမယ့်ဗုဒ္ဓဟူးနေ့မှာ တော့တင်ဟမ်ဟာ နယူးကာဆယ်နဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ ရာထူးမှာဆက်လက်တည်မြဲပါ့မလားလို့ မေးမြန်းခဲ့ရာ ဖရန့်ခ်က "ကျွန်တော်ရာထူးမှာပဲဆက်ရှိနေမယ်လို့ယုံကြည်ပါတယ်။ အသင်းပိုင်ရှင်တွေက ကျွန်တော်နဲ့အခုမှစသိကြတာဖြစ်ပေမယ့် လူကောင်းတွေ ဉာဏ်ရည်ထက်မြက်တဲ့သူတွေဖြစ်ပြီး ဘောလုံးအကြောင်းကို ကောင်းကောင်းနားလည်ကြပါတယ်"

"ဘယ်အသင်းမဆိုအောင်မြင်မှုရဖို့အတွက် အချိန်ပေးရမယ်ဆိုတာ သူတို့ကောင်းကောင်းနားလည်သဘောပေါက်ပါတယ်။ အသင်းတစ်သင်းက ၁ နှစ် ဒါမှမဟုတ် ၂ နှစ်အတွင်း အောင်မြင်မှုရနိုင်ပေမယ့် ရေရှည်အောင်မြင်မှုရဖို့အတွက်တော့ မလွယ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဖရန့်ခ်ဟာ ကလပ်အသစ်မှာနည်းပြအဖြစ်စတင်ဝင်ရောက်ချိန်တိုင်းရုန်းကန်ရလေ့ရှိသူဖြစ်ပြီး ယခင်က ဘရွန်ဘီကို စတင်ကိုင်တွယ်ခဲ့ရာ ပထမဆုံး ၈ ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့သလို၊ ဘရန့်ဖို့ဒ်ကိုစတင်ကိုင်တွယ်ချိန်ကလည်း ပထမဆုံး ၁၀ ပွဲမှာ ၈ ပွဲအထိအရေးနိမ့်ခဲ့ပါတယ်။ 

လက်ရှိရာသီအစမှာတော့ တော့တင်ဟမ်ဟာ ဖရန့်ခ်ရဲ့ဦးဆောင်မှုနဲ့ပုံစံကောင်းရရှိခဲ့ပြီး မန်စီးတီးလိုအသင်းကိုတောင် အဝေးကွင်းမှာအနိုင်ရခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ ခြေစွမ်းပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပါတယ်၊။ ဆက်လက်ပြီး ဒိန်းမတ်သားနည်းပြက "ကျွန်တော်တော့တင်ဟမ်မှာ အရင်တုန်းကအသင်းတွေထက် ပထမဆုံး ၁၀ ပွဲမှာ ပိုကောင်းအောင်လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အမြင်မှာတော့ တည်ငြိမ်မှု၊ ပြိုင်ဆိုင်နိုင်စွမ်းနဲ့ ကလပ်ရဲ့ယဉ်ကျေးမှု ကို တည်ဆောက်နိုင်ဖို့ အချိန်ယူရမယ်လို့ထင်ပါတယ်။ ဒီမှာက ကျွန်တော်တို့က တစ်ပတ်ကို ၂ ပွဲ ၃ ပွဲလောက်အထိကစားနေရတာကြောင့်လည်း ပါပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။