အက်ဖ်အေဖလားကနေ ထွက်ခွာခဲ့ရပြီးနောက် ကစားသမားရွေးချယ်မှုအပေါ် ကာကွယ်ပြောဆိုလိုက်တဲ့ မာကိုဆေးလ်ဗား
ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက အိမ်ကွင်းမှာ ဆောက်သမ်တန်ကို ရှုံးနိမ့်ပြီး အက်ဖ်အေဖလားကနေ ထွက်ခဲ့ရပြီးနောက် သူ့ရဲ့ ကစားသမား ရွေးချယ်မှုအပေါ် ကာကွယ်ပြောကြားခဲ့ပါတယ်။
ဒီနေ့ ကစားခဲ့တဲ့ ပဉ္စမအဆင့် ပွဲစဉ်မှာ ရော့စ်စတီးဝပ်ရဲ့ နောက်ကျ ပင်နယ်တီဂိုးနဲ့အတူ ဆောက်သမ်တန်အသင်းက အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
လူထုတ်ပုံနဲ့ ပတ်သက်ပြီး ဆေးလ်ဗားက "ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့ ဒါက အဲဒီထက် ပိုပါတယ်။ ဒီနေ့ နေ့လယ်ခင်းက ကျွန်တော်တို့အတွက်ရော ပရိသတ်တွေအတွက်ပါ တကယ်ကို ဆိုးရွားခဲ့ပါတယ်။ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပေါ် ကျွန်တော် လုံးဝ မကျေနပ်တဲ့အတွက် အကြောင်းရင်းကို သေချာ ပြန်သုံးသပ်ဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
"ဒီပွဲက ရှုံးနိမ့်မှုထက်ကို ပိုပါတယ်။ အပြောင်းအလဲတွေ လုပ်ခဲ့လို့ ရှုံးတာဆိုရင်လည်း ဟုတ်ပါပြီ၊ ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ (ရိုင်ယန်) ဆက်ဆီနွန်နဲ့ (တီမိုသီ) ကတ်စ်တန်းတို့ဆိုရင် ဒီရာသီမှာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေနဲ့ ကစားထားပြီးသားပါ။ အော်စကာ ဘော့ဘ်နဲ့ ဆင်မြူယယ် ချူကွဲဇ်တို့ကလည်း ဒီအဆင့်မှာ ကစားနိုင်တဲ့သူတွေပါ။ ကျွန်တော်တို့ ပိုပြီး နက်နက်နဲနဲ ကြည့်ဖို့ လိုပါတယ်။ လူထုတ်ပုံ အပြောင်းအလဲတွေကြောင့် ကျွန်တော့်မှာ တာဝန်ရှိတယ်ဆိုတာကိုလည်း နားလည်ပါတယ်" လို့ ဆက်ပြောပါတယ်။
"ကျွန်တော့်အတွက်တော့ ရှင်းပါတယ်။ ကျွန်တော်တို့က ဂိုးကန်သွင်းခွင့် ၂၄ ကြိမ်အထိ ရခဲ့ပေမဲ့ သူတို့မှာတော့ အပိုင်အခွင့်အရေး သိပ်မရှိပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက် ဂိုးဧရိယာထဲအထိ ရောက်ခဲ့တယ်၊ ဘေးတိုက်တွေကနေ အခွင့်အရေး ဖန်တီးနိုင်ခဲ့ပေမဲ့ အဆုံးသတ်ပိုင်းမှာတော့ သေချာ ဂိုးသွင်းနိုင်ဖို့ လိုပါတယ်။ ပိုပြီး မြန်ဆန်ဖို့နဲ့ ဂိုးဧရိယာထဲက နေရာကောင်းတွေမှာ ရှိနေဖို့ လိုပါတယ်"
"သူတို့က ၅ ကြိမ်ပဲ ကန်ခဲ့ရပေမဲ့ ဂိုးရဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ တန်ပြန်တိုက်စစ် ဆင်တဲ့အချိန်တိုင်းက သူတို့အတွက် အခွင့်အရေးပါပဲ။ ဒါဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပါပဲ။ အခွင့်အရေးတွေ အများကြီး ရခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ အဲဒီထက် ပိုပြီး ဂိုးတွေ ဖန်တီးနိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့အသင်းရဲ့ အဆုံးသတ်ပိုင်းက ရှိသင့်တဲ့ အဆင့်အတန်းမှာ မရှိခဲ့ပါဘူး"
ကျန်ရှိနေတဲ့ ရာသီဝက်အတွက် ပြန်လည် ပြင်ဆင်ဖို့နဲ့ ပတ်သက်ပြီး ဆေးလ်ဗားက "ဒါဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဒီနေ့ဟာ တကယ်ကို ဆိုးရွားတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ဖို့ လိုပါတယ်။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်နိုင်တယ်ဆိုပေမဲ့ ဒါဟာ အဲဒီထက် ပိုပါတယ်။ အခုကိစ္စက လုံလောက်တဲ့ အခြေအနေမှာ မရှိခဲ့တဲ့အတွက် သေချာ ပြန်သုံးသပ်ရပါမယ်။ အဲဒီလို သုံးသပ်တဲ့နေရာမှာလည်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်တာကနေ စတင်ရမှာပါ" လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။