ဆောက်သမ်တန်ကစားသမားတွေက နည်းပြအက်ကတ်ရဲ့ နည်းစနစ်တွေအောက်မှာ အသားကျနေပြီလို့ ဖူလ်ဟမ်နည်းပြ ဆေးလ်ဗား ပြောကြား
ဒီနေ့ယှဉ်ပြိုင်မယ့် FA ဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ဖူလ်ဟမ်နည်းပြ မာကိုဆေးလ်ဗားက ဆောက်သမ်တန်အသင်းရဲ့ လူငယ်နည်းပြ တွန်ဒါအက်ကတ်ကို ရင်ဆိုင်ရမှာဖြစ်လို့ သတိထားနေပါတယ်။
ဖူလ်ဟမ်က ဒီနေ့အစောဆုံးပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားသွားမှာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ် နည်းပြအက်ကတ်ဟာ ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်ကို အမှတ်ပေးဇယား အဆင့် ၆ နေရာရဲ့ အနီးအနားအထိ ရောက်အောင် စွမ်းဆောင်ပေးထားနိုင်သူပါ။
"သူတို့အသင်းက (နည်းပြသစ်ရဲ့ နည်းစနစ်တွေအပေါ်) တကယ်ကို ကောင်းကောင်းမွန်မွန် တုံ့ပြန်နိုင်ခဲ့တာ အသေအချာပါပဲ" လို့ ဆေးလ်ဗားက ဆိုပါတယ်။ "သူတို့ရဲ့ လက်ရှိခြေစွမ်းကို ကြည့်မယ်ဆိုရင် ၉ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။ အဲဒီပွဲစဉ်အများစုမှာလည်း ပွဲတိုင်းလိုလို ၃ မှတ်အပြည့် ရယူထားနိုင်ခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
"အရင်က အမှတ်ပေးဇယားရဲ့ အောက်ခြေနားမှာရှိနေခဲ့ရာကနေ အခုဆိုရင် ပလေးအော့ဖ်ဝင်ခွင့်ရမယ့် အဆင့်တွေနားအထိ ရောက်လာတာဟာ သူတို့ အရှိန်အဟုန်ကောင်းနေတယ်ဆိုတာကို ပြသနေတာပါပဲ။ သူတို့တွေက ပွဲစဉ်တွေကို ဆက်တိုက်အနိုင်ရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါဟာ အရေးကြီးသလို သူတို့တွေ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်ဆိုတဲ့ ယုံကြည်မှုကိုလည်း ရရှိစေမှာပါ" လို့ ဆေးလ်ဗားက သုံးသပ်ပြပါတယ်။
"ရာသီကုန်ခါနီးအချိန်၊ ချန်ပီယံရှစ်ရာသီရဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ သူတို့ကလည်း အခုလို အရှိန်ကောင်းနေတဲ့ အခြေအနေမျိုးမှာ ဒီ FA ဖလားပွဲစဉ်အတွက် ခရေဗင်ကော့တေ့ဂျ် (ဖူလ်ဟမ်ကွင်း) ကိုလာပြီး သူတို့ရဲ့ အရည်အချင်းကို သေချာပေါက် ပြသချင်ကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ဘက်က အကောင်းဆုံးပုံစံမှာ ရှိနေဖို့နဲ့ ကျွန်တော်တို့ရဲ့ အရည်အချင်းကို သက်သေပြဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘာကြောင့် FA ဖလား နောက်တစ်ဆင့်ကို တက်ချင်သလဲဆိုတာကို သက်သေပြသွားရမှာပါ" လို့ ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။