The network connection is lost.

Banner Image

အက်ဖ်အေဖလားရှုံးပွဲမှာ ကြံ့ခိုင်မှုပိုင်းအခြေအနေကြောင့် အဓိကကစားသမားအချို့ကို အနားပေးခဲ့တဲ့ အက်ဒီဟိုဝီ

မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းစိုးရိမ်ရမှုကြောင့် အမာခံကစားသမားတချို့ကို "ကာကွယ်ပေးခဲ့ရတယ်" လို့ နယူးကာဆယ်နည်းပြ အက်ဒီဟိုဝီက ပြောကြားခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဟိုဝီက ဂျိုလင်တန်နဲ့ အန်သိုနီဂေါ်ဒွန်တို့ကို အရန်ခုံမှာပဲထားခဲ့ပြီး ဒုတိယပိုင်းပွဲချိန်မှသာ လူစားလဲကစားစေကာ သူတို့ရဲ့ ကြံ့ခိုင်မှုပိုင်းအခြေအနေကို စိုးရိမ်နေရတယ်လို့ ရှင်းပြခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဂျက်ကော့ဖ်မာဖီက မန်စီးတီးကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လည်ပင်းဒဏ်ရာပြဿနာကြောင့် ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ "မနေ့က ရခဲ့တဲ့ လည်ပင်းဒဏ်ရာကြောင့် ဒီနေ့ပွဲမှာ ဂျက်ကော့ဖ်မာဖီကို မသုံးစွဲနိုင်ပါဘူး။ သူ ကစားနိုင်မလားဆိုတာကို သိချင်လို့ သွေးပူလေ့ကျင့်ခန်းဆင်းချိန်အထိ စောင့်ကြည့်ခဲ့ပါသေးတယ်" လို့ ဟိုဝီက ဆိုပါတယ်။

"ဒါကြောင့် ဒီနေ့ပွဲမှာ ကျွန်တော်တို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပွဲထဲမှာ ပါဝင်ကစားတဲ့ ကစားသမားတွေက အစွမ်းကုန်ကြိုးစားခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အားကုန်သွားကြပါတယ်။ ဂျိုလင်တန်ကိုတော့ ဒဏ်ရာပြန်ရနိုင်ခြေအရမ်းများတာကြောင့် ပွဲထွက်လူစာရင်းမှာ မထည့်ချင်ခဲ့ပါဘူး။ ကျွန်တော်တို့အတွက် အတော်လေးခက်ခဲတဲ့အခြေအနေမှာ ရှိနေပါတယ်။ ပွဲစဉ်တွေကိုအနိုင်ရအောင်ကစားနေရသလို တစ်ဖက်မှာလည်း ကစားသမားတွေ ကြံ့ခိုင်မှုရှိနေဖို့ ထိန်းကျောင်းနေရတာက တကယ်ကို ခက်ခဲပါတယ်။ လက်ရှိမှာ ကစားသမားအပြောင်းအလဲအများကြီးလုပ်နိုင်လောက်တဲ့အင်အားမျိုး ကျွန်တော်တို့မှာ မရှိသေးပါဘူး။ ဒီနေ့မှာတော့ အရေးပါတဲ့ကစားသမားအချို့ကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ ဂေါ်ဒွန်က ခြေကျင်းဝတ်ဒဏ်ရာရနေလို့ သူ့ကို ကာကွယ်ပေးခဲ့ရသလို ဂျိုလင်တန်ကိုလည်း အရင် အတွေ့အကြုံတွေအရ ကာကွယ်ပေးခဲ့ရပါတယ်။ ဒီကစားသမားတွေက အသင်းအတွက် အရမ်းအရေးပါတာကြောင့် အဆုံးရှုံးမခံနိုင်ပါဘူး" လို့ ၎င်းက ဆက်ပြောပါတယ်။

ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် ကလပ်သမိုင်းတစ်လျှောက် အရေးအကြီးဆုံးပွဲစဉ်မတိုင်ခင် အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာလာရမှုကို အမြန်ဆုံးမေ့ဖျောက်ကြဖို့လည်း ကစားသမားတွေဆီ ဟိုဝီက တိုက်တွန်းခဲ့ပါတယ်။ "အခုအချိန်မှာ စိတ်ဓာတ်ကျစရာတွေ ရှိနေနိုင်ပေမဲ့ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခဲ့ရတာကို နားလည်ပေးကြဖို့ လိုပါတယ်။ မကြာခင်မှာ ကလပ်သမိုင်းတစ်လျှောက် အရေးအကြီးဆုံးပွဲစဉ်ကို ကစားရပါတော့မယ်။ ကစားသမားတွေကို အဲ့ဒီပွဲစဉ်အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပေးရပါမယ်။ ဒါကိုပဲ တွေးပြီး စိတ်မကောင်းဖြစ်နေဖို့ အချိန်မရှိပါဘူး" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။