The network connection is lost.

Banner Image

ထိပ်တိုက်ရင်ဆိုင်မှုမတိုင်ခင် မန်စီးတီးကြယ်ပွင့်ကို စကားစစ်ထိုးလိုက်တဲ့ မိုဆာလက်

မန်စီးတီးဆီ လာရောက်ကစားရမယ့် လီဗာပူးရဲ့ပွဲစဉ်မတိုင်ခင် မိုဆာလက်က ဟာလန်းရဲ့ဘ၀ လွယ်ကူဖြောင့်ဖြူးလွန်းတယ်လို့ ပြောဆိုရင်း စကားလုံးစစ်ပွဲတစ်ခု စတင်ခဲ့ပါတယ်။ မိုဆာလက်က ရှေ့တန်းတိုက်စစ်မှူးတစ်ဦးနဲ့ တောင်ပံကစားသမားတစ်ဦးအကြား ကွာဟချက်ကို ထုတ်ဖော်ပြောပြချိန် အခုလိုမျိုးပြောဆိုခဲ့တာပါ။ Sky Germany နဲ့ အင်တာဗျူးတစ်ခုမှာ သူက ဗဟိုတိုက်စစ်ဇုန်မှာကစားနေတဲ့ ဟာလန်းအတွက် ဂိုးတွေသွင်းယူဖို့ဆိုတာ ပိုမိုလွယ်ကူလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်။

မိုဆာလက်နဲ့ ဟာလန်းတို့က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေပြီး လတ်တလောသီတင်းပတ်တွေမှာ လီဗာပူးတိုက်စစ်မှူးက သိသိသာသာအသာစီးရရှိလာခဲ့ပါတယ်။ မိုဆာလက်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၄ ဂိုးအထိ ရရှိထားပြီး ဟာလန်းကတော့ ၁၉ ဂိုး သွင်းယူထားပါတယ်။

မိုဆာလက်က “ ဟာလန်းကို ကျွန်တော် အထူးလေးစားပါတယ်။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်အပြီး ကျွန်တော်တို့တွေ တစ်ခါလောက်ပဲ စကားပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူက တိုက်စစ်မှူးတစ်ဦးပါ။ ဒါကြောင့် သူ့ရဲ့ဘဝက လွယ်ကူဖြောင့်ဖြူးလွန်းပါတယ်။ အမှန်ပါပဲ၊ ကျွန်တော် သူ့အတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးတစ်ဦးဖြစ်နေတဲ့ သူ့ရဲ့ဘဝက လွယ်ကူဖြောင့်ဖြူးပါတယ်။ တောင်ပံကစားသမားဘဝမှာတော့ အခုလိုမျိုးဂိုးတွေသွင်းယူဖို့ဆိုတာ အတော်လေးခက်ခဲပါတယ်။ တောင်ပံမှာကစားရတဲ့ ဘယ်သူပဲဖြစ်ဖြစ် ဒီလိုမျိုးပဲ ပြောကြပါလိမ့်မယ်။ သူက တိုက်စစ်မှူးတစ်ဦး၊ ကျွန်တော်က တောင်ပံကစားသမားဖြစ်နေခြင်းကသာ ကျွန်တော်တို့နှစ်ဦးအကြား အဓိကကွာခြားရတဲ့အကြောင်းရင်းပဲလို့ ရှုမြင်မိပါတယ်”လို့ ပြောပါတယ်။

မိုဆာလက်က သူ့ရဲ့အသင်းကို အီတီဟတ်မှာ အနိုင်ရလဒ်ရရှိစေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ အနိမ့်ဆုံးရှစ်မှတ်အသာအနေအထားနဲ့ ဆက်ရှိနေစေဖို့ လိုလားနေပါလိမ့်မယ်။ ဒီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်မယ်ဆိုရင် အီဂျစ်ဘုရင်ကြီးရဲ့ရွှေဖိနပ်ဆုမျှော်လင့်ချက် အတော်လေးအားကောင်းလာပါလိမ့်မယ်။