The network connection is lost.

Banner Image

ဘောလုံးသမားတွေအပေါ် ပိုမိုကာကွယ်ပေးကြဖို့ တောင်းဆိုလိုက်တဲ့ ရိုဒရီ

ရိုဒရီက ယူရို-၂၀၂၄ပြိုင်ပွဲကို သူ့ရဲ့စပိန်လက်ရွေးစင် အသင်းဖော်တစ်ဦး အပြီးတိုင်နှုတ်ဆက်ခဲ့ရပြီးနောက် ကစားသမားတွေအပေါ် ပိုမိုကာကွယ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့၊ ဂျာမနီကို အနိုင်ရရှိခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အတွင်း တိုနီခရူးစ်ရဲ့ပြင်းထန်တဲ့ ဖျက်ထုတ်မှုအောက် ဒူးဒဏ်ရာရရှိခဲ့တဲ့ စပိန်ကွင်းလယ်လူ ပက်ဒရီဟာ ယူရို-၂၀၂၄ လက်ကျန်ပွဲစဉ်တွေကို ပါဝင်ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အခုဖြစ်ရပ်အတွက် တိုနီခရူးစ်ကို အနီကတ်ပြသကာ ပွဲစဉ်မှထုတ်ပယ်သင့်တယ်လို့ စပိန်နည်းပြ ဒီလာဖွန်တေက ပြောဆိုခဲ့ပေမယ့် ဂျာမန်ကွင်းလယ်လူကတော့ အဝါကတ်တောင် မရရှိခဲ့ပါဘူး။

ယမန်နေ့(တနင်္လာနေ့)မှာ ရိုဒရီက “ဘောလုံးသမားတွေအဖြစ် ကျွန်တော်တို့အပေါ် အကာအကွယ်ပေးဖို့ အမြဲလိုလားခဲ့ပါတယ်။ ဒါက ကွင်းလယ်ဒိုင်ရဲ့အလုပ်ပါ။ စံနှုန်းတွေကို ချမှတ်ပြီး ဘယ်အရာကတော့ အဝါကတ်ဖြစ်သင့်တယ်၊ ဘယ်အရာမှာ အနီကတ်ဖြစ်သင့်တယ်ဆိုတာ ဆုံးဖြတ်ဖို့က ကွင်းလယ်ဒိုင်ရဲ့အလုပ်ဖြစ်တယ်လို့ ဆိုလိုတာပါ။ ဒါက ကျွန်တော်တို့ အလုပ်မဟုတ်ပါဘူး။ ကွင်းလယ်ဒိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ပဲ ကျွန်တော်တို့ ယှဉ်ပြိုင်ကစားနေရတာပါ။ ဒါက အရှိတရားပါပဲ”လို့ ပြောပါတယ်။

လက်ရှိကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ခံစစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ရိုဒရီက ပြင်သစ်နဲ့ရင်ဆိုင်ရမယ့် အခုညပိုင်း၊ ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း နောက်ထပ်ခက်ခဲတဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။

“ပြင်သစ်အသင်းက ကြံ့ခိုင်မှုပိုင်းအလွန်ကောင်းမွန်တဲ့အသင်းဖြစ်လို့ ဒီညပွဲစဉ်မှာ အလွန်များပြားတဲ့ ရုပ်ပိုင်းဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ကလည်း ပြိုင်ဘက်မှာ ရှိနေတဲ့ အခုလိုစွမ်းအားတွေကို သိရှိထားတာကြောင့် ကိုယ်ခန္ဓာအားပြုကာ ပိုပြီးသန်သန်မာမာကစားကြဖို့ ကြိုးစားသွားရပါလိမ့်မယ်”လို့ ရိုဒရီက ရှင်းပြပါတယ်။