
ဘာစီလိုနာစတားရဲ့ဒဏ်ရာအခြေအနေကို အခိုင်အမာပြောကြားလာတဲ့ ဒီလာဖွန်တီ
ဘာစီလိုနာ နဲ့ စပိန်အသင်းတို့ကြား ဒဏ်ရာပြဿနာတိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး စပိန်နည်းပြ ဒီလာဖွန်တီက အိုလ်မိုရဲ့ဒဏ်ရာအခြေအနေကို အခိုင်အမာပြောကြားလိုက်ပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟာ စနေနေ့တုန်းက ဂျော်ဂျီယာကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။
အခုချိန်မှာလည်း နိုင်ငံအသင်းဘက်က အသက် ၂၇ နှစ်သားဟာ လာမယ့်အင်္ဂါနေ့ပွဲအတွက် ကြံ့ခိုင်မှုမပြည့်ဝဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ အိုလ်မိုဟာ ပြီးခဲ့တဲ့အပတ်တုန်းက ဆီဗီလာကို ၄-၁ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ စပိန်အသင်းနဲ့ပူးပေါင်းခဲ့ပါတယ်။ စပိန်အသင်းလူစာရင်းနဲ့ အချိန်ကုန်ဆုံးခဲ့ပေမယ့် ဘယ်ဘက်ပေါင်ဒဏ်ရာအဆင်မပြေခဲ့တာကြောင့် လေ့ကျင့်ခန်းတော့ မဆင်းခဲ့တာဖြစ်ပါတယ်။
မန်ဒိုသတင်းဌာနရဲ့အဆိုအရ အခြေအနေတွေက သောကြာနေ့က ဆိုးဝါးလာခဲ့ပြီး ဂျော်ဂျီယာနဲ့ပွဲမတိုင်ခင်တစ်ရက်အလိုမှာ နည်းပြ ဒီလာဖွန်တီက အိုလ်မိုကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ အိုလ်မိုမပါဝင်ခဲ့ပေမယ့် စပိန်အသင်းဟာ ပီနို ၊ အိုယာဇာဘယ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ဒီလာဖွန်တီက အိုလ်မိုအခြေအနေကို သေချာလေးစစ်ဆေးပြီးနောက် စပိန်အသင်းဘက်က ထုတ်ပြန်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။
ဆေးအဖွဲ့ဆရာဝန်တွေက အိုလ်မိုဟာ လာမယ့်ဒုတိယပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ရလဒ်အရ အိုလ်မိုကို ဘာစီလိုနာထံပြန်လည်စေလွှတ်ကာ ကုသမှုခံယူစေရမှာဖြစ်ပါတယ်။ “ဘာစီလိုနာကစားသမားက ပြီးခဲ့တဲ့တနင်္လာနေ့တုန်းက အသင်းဘက်က ပေးပို့တဲ့သတင်းနဲ့အတူ ကြွက်သားဒဏ်ရာနဲ့ ရောက်လာခဲ့ပါတယ်။ အဲ့ကတည်းက ကုသမှုနဲ့အတူ အခြေအနေတွေက တိုးတက်လာခဲ့ပါတယ်။ အဲ့နောက် ဒီနေ့မှာတော့ အိုလ်မိုအခြေအနေက အသင်းလေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်နိုင်တော့ပါဘူး”လို့ ထုတ်ပြန်ခဲ့ပါတယ်။
အိုလ်မိုနည်းတူ ယခင်တုန်းကလည်း ဘာစီလိုနာစတား ယာမဲလ်တစ်ယောက် နိုင်ငံအသင်းအတွက် ပါဝင်ကစားပေးရင်း ဒဏ်ရာရရှိခဲ့ပြီး အနားယူနေရပါတယ်။ ဘာစီလိုနာနည်းပြ ဖလစ်ကတော့ စပိန်အသင်းဟာ နိုင်ငံကစားသမားတွေကို သေချာလေးဂရုမစိုက်ဘူးလို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ အိုလ်မိုဟာ ဘာစီလိုနာထံပြန်လာနေပြီး ဆေးအဖွဲ့ဘက်ကတော့လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ဆောင်ကာ ဘယ်လောက်နားရမလဲဆိုတာကို ထုတ်ပြန်မှာဖြစ်ပါတယ်။ ဘာစီလိုနာအတွက်တော့ ဒဏ်ရာပြဿနာတွေက အသင်းရဲ့ရလဒ်ပိုင်းကို ထိခိုက်လာနိုင်တာဖြစ်ပြီး ယာမဲလ်ကလည်း အခုလအယ်လ်ကလက်ဆီကိုပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးတာဖြစ်ပါတယ်။