
ရီးရဲလ်အသင်းထံပြောင်းရွှေ့နိုင်ချေရှိနေတဲ့ ပဲလေ့စ်စတား
အသင်းဖော် ပီနိုရဲ့မှတ်ချက်ကြောင့် ပဲလေ့စ်အသင်းပရိသတ်တွေအနေနဲ့ ကွင်းလယ်လူ ဝါတန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာဖြစ်လာပါတယ်။ ဘလက်ဘန်းအသင်းထံကနေ ပြောင်းလာပြီးကတည်းက ဝါတန်ကို အသင်းတော်တော်များများက ချိတ်ဆက်နေပြီး အဲ့ထဲမှာ ရီးရဲလ်အသင်းလည်း ပါဝင်နေပါတယ်။နွေရာသီအပြောင်းအရွှေ့အတွင်း ရီးရဲလ်အသင်းဟာ ဝါတန်ကို ချိတ်ဆက်ခဲ့တာဖြစ်ပြီး တိုနီခရူးစ်နေရာအတွက် အစားထိုးဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဝါတန်ကို ရီးရဲလ်တစ်သင်းတည်းက စိတ်ဝင်စားနေတာမဟုတ်ပဲ ယူနိုက်တက် ၊ မန်စီးတီး နဲ့ လီဗာပူးတို့ကလည်း အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဝါတန်ရဲ့စွမ်းဆောင်ရည်ဟာ ယနေ့ခေတ်မော်ဒန်ဘောလုံးလောကကွင်းလယ်လူတစ်ဦးမှာရှိသင့်တဲ့အရည်အချင်းမျိုးတွေ ပေါင်းစပ်ထားတာဖြစ်ပါတယ်။
အဆိုပါစွမ်းဆောင်ရည်က မန်စီးတီးအတွက် ရိုဒရီနေရာမှာ အစားထိုးဖို့ လုံလောက်နေတာဖြစ်ပါတယ်။ ဝါတန်နဲ့ ရိုဒရီတို့ကြားမှာ ဆင်တူနေတာတွေရှိနေပြီး ပီနိုကလည်း ထောက်ခံခဲ့တာဖြစ်ပါတယ်။ အီဇီးနေရာမှာ အစားဝင်လာတဲ့ ပီနိုက ဝါတန်ရဲ့စွမ်းဆောင်ရည်ကိုသဘောကျနေပါတယ်။ “အဒမ်က အရာအားလုံးလုပ်ဆောင်နိုင်ပါတယ်။ ခံစစ်ပိုင်းမှာဆိုရင် သူကဖိုက်တာတစ်ဦးပါ။ သူက အရမ်းသန်မာသလို ဘောလုံးကိုလည်း အနိုင်ရအောင်လုပ်ဆောင်နိုင်ပါတယ်။
နည်းစနစ်ပိုင်းအရလည်း သူကစားတာကိုကြည့်ရတာ နှစ်သက်စရာပါ။ သူက စပိန်အသင်းမှာကစားနိုင်တဲ့အရည်အချင်းတွေရှိနေပါတယ်”လို့ ပီနိုက ပြောကြားခဲ့ပါတယ်။ စပိန်အသင်းဟာ နည်းစနစ်ပိုင်းကြောင့် နာမည်ကြီးနေတာဖြစ်ပြီး ဝါတန်အနေနဲ့ အနာဂတ်မှာ ရီးရဲလ်လိုအသင်းမှာကစားနိုင်စွမ်းရှိနေပါတယ်။ အခုလနိုင်ငံတကာရက်သတ္တပတ်မှာ ဝါတန်အနေနဲ့ တူချယ်ရဲ့လူစာရင်းမှာ အရွေးမခံခဲ့ရတာဖြစ်ပါတယ်။ စက်တင်ဘာလတုန်းက ရွေးချယ်ခံခဲ့ရပေမယ့် ဝါတန်အနေနဲ့ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပါတယ်။
“သူ(တူချယ်)က ကျွန်တော့်ဆီကိုမက်ဆေ့ချ်ပေးပို့ခဲ့ပါတယ်။ အဲ့ထဲမှာ ကျွန်တော်အကောင်းဆုံးကစားနိုင်ပြီး နီးစပ်နေပြီဆိုတာရယ် နိုင်ငံအသင်းမှာပါဝင်ခွင့်နဲ့ထိုက်တန်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက တူညီတဲ့အသင်းနဲ့ဆက်သွားချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကဘောလုံးပါ။ ကျွန်တော် အဲ့အကြောင်းတွေကို အာရုံမစိုက်ပါဘူး။ ကျွန်တော် အနားရချိန်မှာ အဘိုးအဘွားတွေဆီသွားခဲ့ပါတယ်။
အဲ့တာက အဆုံးသတ်မဟုတ်သေးပါဘူး။ လာမယ့်လမှာ နောက်ထပ်ပွဲတွေရှိနေပါသေးတယ်။ ကျွန်တော်အခုပဲလေ့စ်အသင်းနဲ့အတူ အကောင်းဆုံးဖြစ်အောင်ပဲ အာရုံစိုက်နေပါတယ်။ တကယ်လို့ ကျွန်တော် ကောင်းကောင်းကစားနိုင်မယ်ဆိုရင် ကျွန်တော် နိုင်ငံအသင်းမှာနေရာရလာမှာပါ။ အခုလိုမျိုးကြားရလို့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော် အခုအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ ဝါတန်က ပြောကြားခဲ့ပါတယ်။
ဝါတန်ဟာ ယူရို ၂၀၂၄ တုန်းက ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းလူစာရင်းမှာ အံ့အားသင့်ဖွယ်ပါဝင်လာခဲ့တာဖြစ်ပြီး လာမယ့်ကမ္ဘာ့ဖလားလူစာရင်းမှာ မပါဝင်ခဲ့ရင် အံ့အားသင့်စရာဖြစ်လာမှာဖြစ်ပါတယ်။