
ဘာစီလိုနာကွင်းလယ်ဗိုလ်ချုပ်ကို အားပါးတရချီးကျူးဂုဏ်ပြုခဲ့တဲ့ ဒီလာဖွန်တေ
စပိန်လက်ရွေးစင်အသင်းနည်းပြဒီလာဖွန်တေက ဘူဂေးလ်ရီးယားကို ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း အံ့အားသင့်စရာစွမ်းဆောင်ရည်မျိုးပြသခဲ့တဲ့ ဘာစီလိုနာကွင်းလယ်လူပက်ဒရီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားက အခုပွဲစဉ်မှာလည်း ကွင်းလယ်ပိုင်းဆိုင်ရာနောက်ထပ်အရည်အသွေးမြင့် ပုံစံတစ်ခုကို ချပြနိုင်ခဲ့ပြီး ပွဲချိန် ၆၆ မိနစ်၊ လူစားလဲလှယ်မှုမတိုင်ခင်အထိ သူ့ရဲ့အမှတ်တံဆိပ်ဖြစ်တဲ့ ဘောလုံးအမြင်နဲ့ တိကျမှုအရည်အသွေးတို့ကို ပြသသွားခဲ့ပါတယ်။
ဘာစီလိုနာကြယ်ပွင့်နေရာမှာ ဘာရီယော့နဲ့ လူစားလဲလှယ်ခဲ့ပေမဲ့ ပက်ဒရီရဲ့ပွဲအပေါ်လွှမ်းမိုးနိုင်စွမ်းကို ငြင်းပယ်လို့ မရခဲ့ပါဘူး။ ဒါ့အပြင် ပက်ဒရီက သူ့ရဲ့ခေတ်ပြိုင်မျိုးဆက်မှာ ပါရမီအရင့်သန်ဆုံးကွင်းလယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့အကြောင်းရင်းကို ပရိသတ်တွေဆီ အသိပေးလာခဲ့ပါတယ်။ပွဲစဉ်အပြီးမှာတော့ ဒီလာဖွန်တေအတွက် စပိန်သားလူငယ်လေးအတွက် ချီးကျူးစရာမှလွဲပြီး အခြားဘာမှမရှိတော့ပါဘူး။
ဒီလာဖွန်တေက “ ပက်ဒရီဆီမှ ဘာမဆိုမျှော်လင့်လို့ရပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတစ်ဦးပါ။ တခြားသူတွေမလုပ်နိုင်တဲ့အရာကိုတောင် သူ လုပ်နိုင်ပါတယ်။ သူက အသင်းဖော်တွေဆီမှ သူ့အတွက်အကောင်းဆုံးဖြစ်စေမယ့် ရွေးချယ်ခွင့်ကို အမြဲတမ်းလိုလို ရွေးချယ်လေ့ရှိပါတယ်”လို့ ပြောပါတယ်။
ကစားသမားနဲ့နည်းပြအကြား ဆက်ဆံရေးကောင်းမွန်မှု ကိုလည်း ပက်ဒရီ ကွင်းတွင်းမှထွက်ခွာသွားချိန်မှာ အထင်အရှားမြင်တွေ့ခဲ့ရပါတယ်။ ဒီလာဖွန်တေက ကွင်းတွင်းမှထွက်ခွာလာတဲ့ သူ့ရဲ့ကစားသမားကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်နှုတ်ဆက်ပြီး ဂုဏ်ယူမှုနဲ့ အလေးအနက်ထားမှု တို့ကို ထင်ဟပ်စေတဲ့ အမူအရာတွေ ပြသခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလာဖွန်တေက ပွဲပြီးရလဒ်အပြင် အသင်းရဲ့စွမ်းဆောင်ရည်ကိုပါ အားရကျေနပ်မိသလို ခက်ခဲတဲ့ပြိုင်ဘက်အပေါ် သူ့ရဲ့ကစားသမားတွေ ကိုင်တွယ်သွားတဲ့ပုံစံကြောင့် ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။