The network connection is lost.

Banner Image

အက်သလက်တီကို ရရှိခဲ့တဲ့ ပယ်နယ်တီအတွက် VAR အပေါ် ဒေါသအိုးပေါက်ကွဲခဲ့တဲ့ အန်ဆယ်လော့တီ

ဒီနေ့မနက်ပိုင်း၊ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ မက်ဒရစ်ဒါဘီပွဲစဉ်အတွင်း အက်သလက်တီကိုမက်ရစ်အတွက် ပေးအပ်ခဲ့တဲ့ ပယ်နယ်တီအခွင့်အရေးကို ဘောလုံးလောကသားတွေကိုယ်တိုင် နားလည်ပေးနိုင်မှာမဟုတ်ဘူးလို့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပြောပါတယ်။ ဆမ်မြူရယ်လီနိုအပေါ် ချူအာမန်နီရဲ့ဖြတ်ထုတ်မှုကို VAR မှ ပယ်နယ်တီအဖြစ် သတ်မှတ်ပြီးနောက် ပွဲချိန် ၃၅ မိနစ်မှာ အယ်လ်ဗာရက်ဇ်က ဧည့်သည်အက်သလက်တီကိုမက်ဒရစ်အတွက် ဘာနေဗျူးကွင်းအတွင်း ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ အမ်ဘာပေက အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူပေးခဲ့ပြီး အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်က မြို့ခံပြိုင်ဘက်ထက် တစ်မှတ်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပါတယ်။ အခုပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းရရှိခဲ့တဲ့ ပယ်နယ်တီအခွင့်အရေးနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို မေးမြန်းလာချိန် အန်ဆယ်လော့တီက “မဖြေပါရစေနဲ့။ ဘောလုံးလောကသားတွေကိုယ်တိုင် ဒါကို နားလည်ပေးနိုင်မှာ မဟုတ်ဘူး”လို့ အစောပိုင်းမှာ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက လွန်ခဲ့တဲ့သီတင်းပတ်ကုန်၊ အက်စ်ပန်ညိုကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာလည်း ဒိုင်လူကြီးတွေရဲ့အရည်အသွေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာဆီ တရားဝင်တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါဒိုင်လူကြီးတွေရဲ့အရည်အသွေးအပေါ် ပုံမှန်ဝေဖန်လေ့ရှိပြီး အခုသီတင်းပတ်၊ သူတို့ရဲ့အိတ်ဖွင့်ပေးစာမှာလည်း လက်ရှိစနစ်ကို လုံးဝအသိအမှတ်မပြုဘဲ ဖွဲ့စည်းပုံပြောင်းလဲမှုတစ်ခု ပြုလုပ်သွားဖို့ တောင်းဆိုခဲ့ပါတယ်။ အန်ဆယ်လော့တီက “ ကျွန်တော်တို့တွေ အခုထက်ပိုပြီး ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းက ပွဲစဉ်ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး ပြိုင်ဘက်ဂိုးဧရိယာအတွင်းထိ ဝင်ရောက်ကာ ဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်တွေကတော့ လုံးဝကို ခြားနားခဲ့ပါတယ်။ နှေးကွေးလေးလံခဲ့သလို ပြင်းပြင်းထန်ထန်လည်း မကစားခဲ့ပါဘူး။ ဒုတိယပိုင်းကစားပုံနဲ့အတူ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ခံစားချက်တစ်ခု ထွက်ရှိလာတယ်လို့ ယူဆမိပါတယ်။ ပယ်နယ်တီကိစ္စကတော့ အသင်းအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

တဖက်မှာလည်း ပထမပိုင်းပွဲချိန်အတွင်း ဘာရီယော့အပေါ် ကစားပုံကြမ်းတမ်းလို့ အဝါကတ်ပြသခံခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားစီဘယ်လော့စ်ဖြစ်စဉ်ကို ရည်ညွှန်းရင်း ဒီယေဂိုဆီမြွန်နီက “ကွင်းလယ်ဒိုင်က ဆုံးဖြတ်ချက်တွေကို အကောင်းဆုံးချမှတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ တချို့ပုဂ္ဂိုလ်တွေအတွက် စီဘယ်လော့စ်ရဲ့ဖြတ်ထုတ်မှုက အနီကတ်ပါပဲ။ အချို့ပုဂ္ဂိုလ်တွေအတွက်တော့ အဲ့ဒီလိုမျိုး မဟုတ်ဘူးပေါ့။ ကျွန်တော်ကတော့ ကွင်းလယ်ဒိုင်အတွက် အဆင်ပြေတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့တယ်လို့ တွေးမိပါတယ်”လို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။