The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်ရဲ့ ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့တဲ့ ဖာနန်ဒက်စ်အား မက်ဆေ့ပေးပို့ခဲ့ကြောင်း ဖာဒီနန်ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ရဲ့ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဝမ်းသာကြောင်းမက်ဆေ့ပေးပို့ခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ 

စိတ်ပျက်စရာ ၂၀၂၄-၂၅ ဘောလုံးရာသီအပြီးမှာ ဖာနန်ဒက်စ်ဟာ အယ်လ်ဟီလယ်ရဲ့ ကြီးမားတဲ့ကမ်းလှမ်းချက်နဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာတော့မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း ပြီးခဲ့တဲ့ အင်္ဂါနေ့က အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက ဖာနန်ဒက်စ်ဟာ ဆော်ဒီကလပ်ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ဥရောပမှာပဲ ဆက်လက်ကစားဖို့ဆုံးဖြတ်ခဲ့တယ်လို့ အသိပေးခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အတော်လေးစိတ်သက်သာရာရခဲ့ပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဖာဒီနန်ကလည်း ဖာနန်ဒက်စ်ရဲ့ဆုံးဖြတ်ချက်ကြောင့် ပျော်ရွှင်မိကြောင်းနဲ့ အယ်လ်ဟီလယ်ကိုငြင်းပယ်လိုက်တယ်လို့ သတင်းကြားကြားပြီးချင်းမှာပဲ ဝမ်းသာအားရ မက်ဆေ့ပို့ခဲ့တယ်လို့ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ရိုးရိုးသားသားပြောရမယ်ဆိုရင် ကျွန်တော်တောင်မှ ဒီလိုကမ်းလှမ်းမှုမျိုးကို ငြင်းပယ်ပါ့မလား မသေချာပါဘူး။ ဖာနန်ဒက်စ်က အသက်-၃၀ ရှိပါပြီ။ ပြီးတော့ လက်ရှိအသင်းကလည်း ရုန်းကန်နေရပါတယ်။ ဒါပေမယ့် သူက အသင်းမှာဆက်နေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့ယူနိုက်တက်ရဲ့ အဓိကဂိုးသွင်းသူပါ။ ပြီးတော့ အကောင်းဆုံးဖန်တီးပေးသူနဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဒီမနက် ကျွန်တော်အိပ်ရာကနိုးတော့ သူ့ကိုဝမ်းသာအားရမက်ဆေ့ပို့ခဲ့ပါတယ်။ ကျွန်တော်တို့ဘာတွေပြောလဲဆိုတာတော့ ပြန်မပြောပြတော့ပါဘူး။ ဒါပေမယ့် သူက တကယ့်လူပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ယူနိုက်တက်အနေနဲ့ ဖာနန်ဒက်စ်ကိုအသင်းမှာ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သလို၊ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကိုလည်း အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အတည်ပြုထားနိုင်ခဲ့ပါတယ်။ နောက်ရာသီမှာ ဥရောပပြိုင်ပွဲကစားခွင့်မရပေမယ့် ယူနိုက်တက်ဟာ ကစားသမားသစ်တွေထပ်မံခေါ်ယူနိုင်ဖို့ပစ်မှတ်ထားနေပြီး ယခုအခါမှာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုကို ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။