The network connection is lost.

Banner Image

ငယ်ဘဝကလပ် ဆန်းတို့စ်သို့ပြန်လည်ရောက်ရှိဖို့ အလွန်နီးစပ်နေပြီဖြစ်တဲ့ နေမာ

ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်မှာ ဒဏ်ရာပြဿနာတွေနဲ့ဆက်တိုက်ကြုံတွေ့နေရတာကြောင့် ပွဲထွက်ပါဝင်ကစားဖို့ပင်ရုန်းကန်နေရတဲ့ နေမာဟာ ယခုအခါမှာတော့ ငယ်ဘဝကလပ်ဟောင်းဖြစ်သလို မွေးရပ်မြေဘရာဇီးကလပ်လည်းဖြစ်တဲ့ ဆန်းတို့စ်သို့ပြန်လည်ရောက်ရှိဖို့ အလွန်နီးစပ်နေပြီလို့သိရပါတယ်။ 

ဘရာဇီးလက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားဟာ ဆော်ဒီမြေကိုစွန့်ခွာပြီး သူ့ရဲ့အောင်မြေဖြစ်ခဲ့တဲ့ ဆန်းတို့စ်သို့ ၆ လ အငှားစာချုပ်နဲ့ပြောင်းရွှေ့မှာဖြစ်တယ်လို့သတင်းတွေက ဖော်ပြထားပါတယ်။ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဆန်းတို့စ်ဟာ နေမာကိုပြန်လည်ခေါ်ယူဖို့အတွက် အယ်လ်ဟီလယ်ထံ တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့သိရပါတယ်။ 

သတင်းတွေအရ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ လူးဝစ်ဆွာရက်ဇ်တို့ရှိနေတဲ့ အင်တာမီယာမီကလည်း နေမာကိုခေါ်ယူဖို့ ကြိုးစားနေတယ်လို့သိရပေမယ့် ဘရာဇီးသားဟာ မေဂျာလိဂ်ကလပ်ကိုပြောင်းရွှေ့ဖို့တော့ စိတ်ဝင်စားခြင်းမရှိပါဘူး။ ၂၀၂၃ ခုနှစ်နွေရာသီမှာကတည်းက ဒဏ်ရာပြဿနာနဲ့ရုန်းကန်နေခဲ့ရတဲ့ နေမာကို ပရိသတ်တွေအနေနဲ့ စိတ်ပျက်နေခဲ့ကြပြီး ယခုအခါမှာတော့ ကစားသမားဟာ ငယ်ဘဝကလပ်သို့ပြန်လည်ပြောင်းရွှေ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခြေစွမ်းကောင်းတွေပြန်လည်တည်ဆောက်နိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။ 

အသက်-၁၇ နှစ်အရွယ်ကတည်းက ပါရမီရှင်ခြေစွမ်း၊ ထူးခြားတဲ့ကစားဟန်တို့ကြောင့် ဆန်းတို့စ်နဲ့အတူ ထွန်းတောက်လာခဲ့တဲ့နေမာကို ကမ္ဘာတစ်ဝှမ်းကလပ်အသင်းကြီးတွေက စောင့်ကြည့်နေခဲ့ကြပြီး ၂၀၁၃ ခုနှစ်မှာတော့ ဘရာဇီးသားဟာ ဘာစီလိုနာသို့စတင်ပြောင်းရွှေ့ခဲ့ပါတယ်။ နေမာဟာ ဆန်းတို့စ်အတွက် စုစုပေါင်း ၂၂၅ ပွဲကစားခဲ့ပြီး ၁၃၆ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ ယခုအချိန်မှာ အသင်းဟောင်းသို့ပြန်သွားမယ်ဆိုပါက ပရိသတ်တွေအနေနဲ့ သူရဲကောင်းတစ်ယောက်လို ပြန်လည်ကြိုဆိုကြဖို့ရှိနေပါတယ်။ 

အယ်လ်ဟီလယ်အနေနဲ့ နေမာကို ဆော်ဒီပရိုလိဒ် ဒုတိယရာသီဝက်အတွက် ကစားသမားမှတ်ပုံတင်ပြုလုပ်ထားခြင်းမရှိတာကြောင့် ယခုဇန်နဝါရီမှာပဲ အငှားစာချုပ်နဲ့ထွက်ခွာစေဖို့ ခွင့်ပြုသွားဖွယ်ရှိနေပါတယ်။ တကယ်လို့ နေမာအနေနဲ့ အဆိုပါ ၆ လတာအငှားစာချုပ်အပြီးမှာ ဆန်းတို့စ်နဲ့အတူ ပုံမှန်ခြေစွမ်းကို ပြန်လည်ရရှိခဲ့မယ်ဆိုရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလက်ရွေးစင်အသင်းမှာ ပြန်လည်ပါဝင်လာဖို့ရှိပါတယ်။