The network connection is lost.

Banner Image

ဘရာဇီးလူစာရင်းမှ နေမာကိုချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ဆိုတဲ့ အန်ဆယ်လော့တီ

ဘရာဇီးနည်းပြ ကာလိုအန်ဆယ်လော့တီက စက်တင်ဘာလ တောင်အမေရိကဇုန်ကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် လူစာရင်းမှ နေမာကိုချန်လှပ်ခံခဲ့ခြင်းမှာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်တယ်လို့  ပြောကြားလာခဲ့ပါတယ်။

ချီလီနဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အန်ဆယ်လော့တီက "နေမာကိုချန်လှပ်ခဲ့တာက အချက်အလက်တွေအများကြီးနဲ့ဆိုင်တဲ့ နည်းစနစ်ဆိုင်ရာဆုံးဖြတ်ချက်ကြောင့်ပါ" လို့ပြောကြားခဲ့ပါတယ်။ ဒါကြောင့်နေမာအနေနဲ့ ဘရာဇီးအသင်းအတွက်ပြန်လည်ကစားခွင့်ရဖို့ နောက်ထပ် နိုင်ငံတကာပွဲစဉ်တွေအထိ ထပ်မံစောင့်ဆိုင်းသွားရတော့မှာဖြစ်ပါတယ်။ နေမာဟာ ဘရာဇီးအသင်းအတွက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က နောက်ဆုံးကစားပေးခဲ့တာဖြစ်လို့ ၂ နှစ်ခန့်အထိ အသင်းနဲ့ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ 

ယခင်က နေမာဟာ ဘရာဇီးအသင်းအတွက် အလွန်အကျိုးပြုခဲ့တဲ့ ကစားသမားဖြစ်ပေမယ့် ယခုအခါမှာတော့ ဘေးထွက်ထိုင်နေရပြီဖြစ်ပြီး ကစားသမားဟာ လက်ရှိအချိန်မှာ ဒဏ်ရာကင်းရှင်းနေတာကြောင့် လက်ရွေးစင်အသင်းအတွက်ကစားပေးလိုကြောင်း ပြောကြားထားပါတယ်။ 

အန်ဆယ်လော့တီကတော့ "နေမာရဲ့ နည်းစနစ်အရည်အသွေးကို မေးခွန်းထုတ်စရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေ့ရက်တိုင်းအကဲဖြတ်နေတာက ကစားသမားတွေရဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုအပိုင်းပါ။ ဒါက သူ့အပေါ်မှာပဲသက်ရောက်တာမဟုတ်ဘဲ တစ်သင်းလုံးကို သက်ရောက်ပါတယ်" လို့ထပ်မံပြောကြားခဲ့ပါတယ်။ 

အန်ဆယ်လော့တီအနေနဲ့ ကစားသမားတွေရဲ့နာမည်ကို အသေးစိတ်ပြောကြားခြင်းမရှိပေမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူနဲ့အတူ အမေရိကန်မြေကိုခေါ်ယူသွားလိုတဲ့ ကစားသမားတွေကိုတော့ သတ်မှတ်ထားပြီးဖြစ်ပုံရပါတယ်။ ဒါ့အပြင် အီတလီသားက သူ့အနေနဲ့ ကစားသမားတွေကို တစ်ဦးချင်းစွမ်းဆောင်ရည်ကောင်းဖို့ထက် အသင်းလိုက်စွမ်းဆောင်ရည်ကောင်းဖို့သာ ပိုမိုလိုအပ်ကြောင်း သတိပေးထားပါတယ်။

ယခုနှစ်အစောပိုင်းမှာ ငယ်ဘဝကလပ် ဆန်းတို့စ်သို့ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးဟာ အသင်းအတွက် စုစုပေါင်း ပွဲ ၂၀ ကစားပေးထားပြီး ၆ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။ သောကြာနေ့မှာယှဉ်ပြိုင်သွားမယ့် ချီလီနဲ့ပွဲစဉ်အပြီးမှာတော့ ဘရာဇီးဟာ နောက်ထပ်ခြေစစ်ပွဲစဉ်အဖြစ် ဘိုလီဗီးယားနဲ့ ကစားသွားရပါမယ်။