
ဆန်ချိုနဲ့ပြဿနာတက်ခဲ့တဲ့ တန်ဟက်ကို ဝေဖန်လိုက်တဲ့ မော်ရင်ဟို
မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက ဒေါ့မွန်မှာ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ ဂျေဒန်ဆန်ချိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ အမှားတွေပြုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့သော်လည်း မန်နေဂျာ အဲရစ်တန်ဟက်ကို ဝေဖန်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဆန်ချိုဟာ ယခုရာသီအစောပိုင်းမှာ တန်ဟက်နဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့တာကြောင့် သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝအနာဂတ်ဟာ မသေမချာဖြစ်လာခဲ့ပြီး အသင်းကနေ အပြီးသတ်ထွက်ခွာဖို့အထိ အလားအလာရှိနေတာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ မန်နေဂျာ အဲရစ်တန်ဟက်နဲ့ပြဿနာဖြစ်ကာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာလာခဲ့တာဖြစ်ပေမယ့် အဆိုပါပြဿနာမတိုင်ခင်မှာလည်း သူ့ရဲ့တန်ကြေးဖြစ်တဲ့ ပေါင် ၇၃ သန်းနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။
သို့သော်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့အတွင်း အသင်းဟောင်းဒေါ့မွန်နဲ့ ပြန်လည်ချိတ်ဆက်ပြီးနောက်မှာတော့ ဆန်ချိုအနေနဲ့ အသစ်တဖန်ပြန်လည်မွေးဖွားလာသလို ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်တဲ့အထိ ခြေစွမ်းကောင်းကို တောက်လျှောက်ပြသထားနိုင်တာဖြစ်ပါတယ်။
ယခုအခါမှာတော့ မော်ရင်ဟိုက ဆန်ချိုဟာ ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာကို ဝန်ခံပြောကြားခဲ့ပြီး တန်ဟက်ကို ကြီးကြီးမားမားဝေဖန်လာခဲ့ပါတယ်။ ပေါ်တူဂီသားက “ဆန်ချို ဘာလုပ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒါက သံသယဝင်စရာကိုမရှိပါဘူး။ ယူနိုက်တက်မှာဖြစ်ပျက်ခဲ့တာတွေက ဥပမာ ကျွန်တော့်ရဲ့သမိုင်းမှာဆိုရင် ကျွန်တော်လည်း ကစားသမားကောင်းတွေနဲ့ ဆက်ဆံရေးအဆင်မပြေတာတွေရှိခဲ့ဖူးပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ကို မှန်ကန်တဲ့စာနာမှုမပေးနိုင်သလို သူတို့ရဲ့ ဒီအင်အေကို နားမလည်တာတွေလည်းရှိခဲ့ဖူးပါတယ်”
“ဒီလိုအတွေ့အကြုံတွေကနေသင်ယူပြီး ကစားသမားတွေကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ ပြီးတော့ ကစားသမားတွေရဲ့ သဘာဝကိုလည်း နားလည်အောင်ကြိုးစားနိုင်ရပါမယ်။ သူတို့မှာ ပါရမီရှိပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကိုယ်မလိုချင်တဲ့အခြေအနေမျိုးရှိကောင်းရှိနိုင်ပါတယ်။ သေချာတာကတော့ ကလေးတွေက အမှားလုပ်မှာပါပဲ။ ဒီအချိန်မှာ မကိုင်တွယ်နိုင်ရင်တော့ မန်နေဂျာကလည်း ကစားသမားရဲ့ အကောင်းဆုံးခြေစွမ်းကို ညှစ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာတော့ ယူနိုက်တက်က လူတွေတစ်စုံတစ်ခုကို သင်ယူနိုင်မယ်လို့မျှော်လင့်ပြီး ဒေါ့မွန်မှာ သူတို့ ဘာတွေမြင်ခဲ့သလဲဆိုတာကို အမှတ်ရနေဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။