The network connection is lost.

Banner Image

အသင်းဟောင်းဒေါ့မွန်ကိုဂိုးသွင်းပြီး ချန်ပီယံလိဂ်သမိုင်းမှာ မှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းဟာ ကြာသပတေးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းဟောင်းဒေါ့မွန်ဘက်ကို ဂိုးသွင်းယူပြီးနောက် ပြိုင်ပွဲရဲ့ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။  ၄-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ အဆိုပါပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးရယူနိုင်ခဲ့တဲ့ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် မတူညီတဲ့အသင်း ၃ သင်းနဲ့ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ 

ဟာလန်းဟာ ၂၀၁၉-၂၀ ခုနှစ် ဘောလုံးရာသီမှာ ဆဲလ်ဘတ်အတွက်ကစားနေစဉ်အတွင်း ချန်ပီယံလိဂ်မှာ ၅ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့သလို၊ ၂၀၂၀-၂၁ ခုနှစ်ဘောလုံးရာသီမှာလည်း  ဒေါ့မွန်အတွက် ၅ ပွဲဆက်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာ မန်စီးတီးအတွက် ချန်ပီယံလိဂ်မှာ ၅ ပွဲဆက် ထပ်မံဂိုးသွင်းနိုင်ခဲ့ပြီဖြစ်လို့ နော်ဝေးတိုက်စစ်မှူးဟာ ကမ္ဘာ့ဘောလုံးဂန္ထဝင်တွေဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့တောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်မှတ်တမ်းသစ်ကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုရာသီချန်ပီယံလိဂ်မှာ ဟာလန်းဟာ နာပိုလီနဲ့ပွဲစဉ်မှာ ၁ ဂိုး၊ မိုနာကိုနဲ့ပွဲစဉ်မှာ ၂ ဂိုး၊ ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာ ၁ ဂိုးနဲ့ ယခုဒေါ့မွန်နဲ့ပွဲစဉ်မှာ သွင်းဂိုး ၁ ဂိုးရရှိထားတာကြောင့် ၄ ပွဲမှာ ၅ ဂိုးအထိသွင်းထားနိုင်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အသက်-၂၅ နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေးကြယ်ပွင့်ဟာ ချန်ပီယံလိဂ်ပွဲစဉ် ၅၂ ပွဲကစားပြီးချိန်မှာ ၅၄ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာလည်း အဆင့် ၉ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

လက်ရှိ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားတွေက ရော်နယ်ဒို (၁၄၀ ဂိုး)၊ မက်ဆီ (၁၂၉ ဂိုး)နဲ့ လီဝန်ဒေါစကီး (၁၀၅ ဂိုး) တို့ဖြစ်ပေမယ့် အသက်-၂၅ နှစ်သာရှိသေးတဲ့ဟာလန်းအနေနဲ့ လက်ရှိခြေစွမ်းကို နောက်ထပ် ဆယ်စုနှစ်တစ်ခုစာလောက်ဆက်လက်ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ အဆိုပါမှတ်တမ်းတွေအားလုံးကို ရိုက်ချိုးသွားနိုင်ဖို့ရှိနေပါတယ်။