The network connection is lost.

Banner Image

ဘဝတလျှောက်လုံး အမှတ်ရနေမယ့် အခိုက်အတန့်အကြောင်း ဖွင့်ဟပြောပြလာတဲ့ ကိုင်စီဒို

ဘက်တစ်ကို ၄-၁ ဂိုးဖြင့် အနိုင်ယူပြီး ကွန်ဖရန့်လိဂ်ချန်ပီယံဆုဖလားကို သူနဲ့ သူ့အသင်းဖော်တွေ ကိုင်မြှောက်နိုင်ခြင်းကြောင့် အခုဘောလုံးရာသီတလျှောက်လုံး ချဲလ်ဆီးအသင်းရဲ့ကြိုးစားအားထုတ်မှု ကို သက်သေထူနိုင်ခဲ့ပြီလို့ ကိုင်စီဒိုက ယုံကြည်နေပါတယ်။ ပိုလန်မြေမှာကစားခဲ့ရတဲ့ပွဲစဉ်အတွင်း ချဲလ်ဆီးက ပြိုင်ဘက်အတွက် ဦးဆောင်ဂိုးကို စောစောစီးစီးခွင့်ပြုပေးခဲ့ရပေမယ့် အန်ဇိုဖာနန်ဒက်ဇ်၊ ဂျက်ဆန်၊ ဆန်ချို၊ ကိုင်စီဒိုတို့ရဲ့သွင်းဂိုးတွေနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။

အခုဘောလုံးရာသီမှာ ကိုင်စီဒိုက အန်ဇိုမာရက်စ်ကာရဲ့အသင်းအတွက် ဥရောပအဆင့်ဆုဖလားတစ်လုံးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးခရီးစဉ်တလျှောက် အဓိကအခန်းကဏ္ဍမှာ ပါဝင်ခြေစွမ်းပြကစားခဲ့ပြီး ချဲလ်ဆီးကစားသမားတွေရွေးချယ်တဲ့ အခုရာသီအကောင်းဆုံးကစားသမားဆုနဲ့ ချဲလ်ဆီးအသင်းရဲ့ အခုရာသီအကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။ 

ဒါပေမယ့် ကိုင်စီဒိုကတော့ အခုအောင်မြင်မှုကို စတမ်းဖို့ဒ်ဘရစ်ချ်စပါယ်ရှယ်ညတွေရဲ့ အစကနဦးခြေလှမ်း ဖြစ်လာဖို့ပဲ မျှော်လင့်နေပါတယ်။ ဖိုင်နယ်ပွဲစဉ်အပြီး ကိုင်စီဒိုက “ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော့်ဘဝတလျှောက်လုံး အမြဲတမ်းအမှတ်ရနေမယ့် ဆုတံဆိပ်တစ်ခုဖြစ်ပါတယ်။ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကြောင့်သာ ကျွန်တော် ဒီမှာ ရှိနေရတာပါ။ လူတိုင်းလည်း ပျော်ရွှင်နေကြပါတယ်။ ကျွန်တော်တို့တွေ ဒီဆုဖလားအတွက် အောင်ပွဲခံကြမယ်။

ဒါက နောက်ရရှိလာမယ့်အောင်မြင်မှုများစွာအတွက် အစကနဦးဖြစ်မယ်ဆိုတာ သေချာပါတယ်။ ဒီလိုအံ့အားသင့်စရာကလပ်အသင်းအတွက် ဆုဖလားတွေ အများကြီးယူပေးချင်ပါတယ်။ ဒီအတိုင်းပဲ သေချာပေါက်လုပ်သွားပါမယ်”လို့ ပြောပါတယ်။ ဒါကြောင့် ကိုင်စီဒိုက ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ချဲလ်ဆီးနဲ့ပူးပေါင်းလာတယ်ဆိုတာ သေချာသွားပါတယ်။

ဆက်လက်ပြီး သူက “ အမှန်ပါပဲ၊ အနိုင်ရရှိပြီး အောင်ပွဲခံဖို့အတွက်ပဲ ဒီကလပ်အသင်းဆီ ကျွန်တော် ရောက်ရှိလာတာပါ။ ကစားသမားတိုင်းက အရမ်းထူးချွန်ထက်မြက်ပြီး ပရော်ဖက်ရှင်နယ်ပီသပါတယ်။ ဒီညမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေအတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်။ တောက်ပတဲ့ဘောလုံးရာသီတစ်ခုဖြစ်ခဲ့ပြီး ဒီညမှာ ထိပ်တန်းဆုဖလားတစ်လုံးကို အသင်းရဲ့ဆုဖလားဗီရိုဆီ ပေါင်းထည့်လိုက်နိုင်ပါပြီ”လို့ ပြောပါတယ်။

အသက်-၂၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘုန်းမောက်နဲ့ရာသီပိတ်ပွဲစဉ်မတိုင်ခင် ဆံပင်ပုံစံပြောင်းလဲပြီးနောက် ချဲလ်ဆီးအသင်းရဲ့တစ်ရာသီစာအကောင်းဆုံးသွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။ ဘက်တစ်နဲ့ပွဲစဉ်မတိုင်ခင်မှာလည်း သူ့ရဲ့ဆံပင်ပုံစံပြောင်းလဲထားမှုကို မြင်တွေ့ခဲ့ရပြန်ပါတယ်။ ကိုင်စီဒိုက “ ကျွန်တော်ရဲ့ဆံပင်ကို ကာလာဆိုးလိုက်ပြီဆိုရင် ကျွန်တော် ဂိုးသွင်းနိုင်လေ့ရှိပါတယ်။ ဒါကြောင့်ပဲ ကျွန်တော့်ရဲ့ဆံပင်ကို ကာလာသွင်းလိုက်တာပါ”လို့ ရှင်းပြပါတယ်။