
အကြံပေးစကားတွေကို နားထောင်ပေးလို့ အန်းစလော့ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေတဲ့ မိုဆာလက်
မိုဆာလက်က ကစားသမားတစ်ဦးအဖြစ် အဆင့်မကျော်သင့်ဘူးဆိုတာ သိထားပေမယ့် သူ့ရဲ့ကစားသမားအပြောင်းအရွှေ့ဆိုင်ရာ အကြံဉာဏ်တွေကို နားထောင်ပေးခြင်းအတွက် အန်းစလော့ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အီဂျစ်သားနဲ့ အန်းစလော့တို့က ပြီးခဲ့တဲ့နှစ်အတွင်း ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်နိုင်ခဲ့ကာ အပြန်အလှန်လေးစားမှုနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Sky Sports နဲ့အင်တာဗျူးတစ်ခုမှာ မိုဆာလက်က ကစားသမားတစ်ဦးအဖြစ် ပါဝင်ပတ်သက်ဖို့မသင့်ဘူးဆိုတာ သိထားပေမယ့် သူ့ရဲ့ကစားသမားအပြောင်းအရွှေ့ဆိုင်ရာအကြံပြုချက်တွေကို နားထောင်ပေးခြင်းအတွက် ဒတ်ချ်လူမျိုးနည်းပြကို ကျေးဇူးတင်မိတယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။
မိုဆာလက်က “ ဒီအကြောင်းအရာကို ကျွန်တော်စာချုပ်သက်တမ်းမတိုးခင်မှာရော၊ ဘောလုံးရာသီအစပိုင်းမှာပါ အန်းစလော့နဲ့ပြောဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ‘Boss, ဒါတော့ အသင်းအတွက် မဖြစ်မနေလိုအပ်တယ်’ဆိုပြီး မတိုက်တွန်းခဲ့ပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း စာချုပ်သက်တမ်းမတိုးခင်မှာ အသင်းရဲ့စီမံကိန်းတစ်ခုလုံးကို သိရှိချင်ခဲ့ပါတယ်။ စာချုပ်သက်တမ်းတိုးပြီးလည်း ဒါနဲ့ပတ်သက်လို့ သိချင်စိတ်ရှိနေသေးလို့ သူ့ဆီ အမြဲတမ်းမေးနေခဲ့ပါတယ်။
ကျွန်တော် ကိုယ်အခန်းကဏ္ဍကိုယ် သိပါတယ်။ သူက နည်းပြဖြစ်ပြီး သူ့စိတ်ကြိုက်ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမဲ့ မျှမျှတတပြောရမယ်ဆိုရင် ကျွန်တော့်ရဲ့ထင်မြင်ချက်တွေ၊ အသင်းအပေါ်မှာ ကျွန်တော် ဘယ်လိုရှုမြင်မိသလဲဆိုတာတွေပြောပြပေးနိုင်ဖို့ နေရာတစ်ခုဖန်တီးပေးထားလို့ သူ့ကို ကျွန်တော် လေးစားမိပါတယ်။
အခုအချိန်မှာတောင် ကျွန်တော်ဆန္ဒရှိရင် အသင်းအတွက် ဒီကောင်လေးကို လိုအပ်မယ်လို့ သူ့ဆီသွားပြောလို့ ရပါတယ်။ သူက အတော်များများကို နားထောင်ပေးနိုင်ပြီး ဒီအတွက်ပဲ ကျွန်တော် အတော်လေးစားမိပါတယ်”လို့ ပြောပါတယ်။ လီဗာပူးမှာ ကစားသမားတစ်ဦးအဖြစ် ရှစ်နှစ်ကြာဖြတ်သန်းပြီးနောက် မိုဆာလက်က အတွေ့အကြုံရင့်ကျက်လာသူပီပီ အကြံဉာဏ်များစွာနဲ့အတူ အသင်းအတွက် စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
မိုဆာလက်က အတိတ်ကာလနဲ့နှိုင်းယှဉ်ရင် အခုအချိန်မှာ ရယူထားရတဲ့တာဝန်တွေကို ဆွေးနွေးချိန် အန်လ်ဖီးမှာ သူ့ရဲ့အခန်းကဏ္ဍပြောင်းလဲသွားမှုအကြောင်း ရှင်းပြခဲ့ပါတယ်။
မိုဆာလက်က “ ကလပ်အသင်းဆီ ကျွန်တော် စရောက်လာချိန်တုန်းက ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ချင်ခဲ့ပါတယ်၊ gym သွားပြီးတော့ ကိုယ့်ရဲ့ကြံ့ခိုင်မှုကိုပဲ တည်ဆောက်ချင်ခဲ့ပါတယ်။
ကျန်တာတွေကိုတော့ ဟန်ဒါဆန်နဲ့ မီလ်နာတို့ကပဲ ကြည့်လုပ်သွားတာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော်က မတူညီတဲ့ရှုထောင့်တစ်ခုမှ ရှုမြင်နိုင်ဖို့ ကြိုးစားနေပါတယ်။
လေ့ကျင့်ရေးကွင်းဆီ ကစားသမားတွေ စိတ်ပျက်လက်ပျက်နဲ့ရောက်ရှိလာတယ်ဆိုရင် ကျွန်တော်က ကော်ဖီသောက်ရင်း အေးအေးဆေးဆေးစကားပြောဖို့ ခေါ်သွားပေးရပါမယ်။
ကျွန်တော့်ရဲ့အခန်းကဏ္ဍလည်း ပြောင်းလဲသွားခဲ့သလို ကျွန်တော့်ရဲ့ပင်ကိုယ်စရိုက်လည်း ပြောင်းလဲလာပါပြီ။ အခု ကျွန်တော် ပိုရင့်ကျက်လာပါပြီ”လို့ ပြောပါတယ်။
အန်းစလော့နဲ့ မိုဆာလက်အကြား ကစားသမားအပြောင်းအရွှေ့ကိစ္စဆွေးနွေးကြတယ်ဆိုပေမယ့် အချို့နည်းပြတွေကိုယ်တိုင်ကတော့ ဒီလိုကိစ္စမျိုးမှာ သူတို့ရဲ့ကစားသမားတွေနဲ့ ခပ်ခွာခွာသာ နေလိုကြပါတယ်။ တစ်ချိန်တည်းမှာပဲ မိုဆာလက်ရဲ့အသိအမှတ်ပြုလောက်စရာ ရင့်ကျက်လာမှုခရီးစဉ်အပြီး အီဂျစ်သားကို သူ့ရဲ့အခန်းကဏ္ဍနဲ့အတူ ကွင်းတွင်းကွင်းပြင်ခေါင်းဆောင်စစ်စစ်အဖြစ် မြင်တွေ့လာရပါတယ်။