
ဂူဟီအတွက် လီဗာပူးရဲ့အပြောင်းအရွှေ့နောက်ဆုံးရက်ကြိုးပမ်းမှု မအောင်မြင်ခဲ့
ခရစ္စတယ်ပဲလေ့စ်ထံမှ ဂူဟီကိုခေါ်ယူနိုင်ဖို့ လီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုက ဈေးကွက်နောက်ဆုံးရက်မှာ ပျက်ပြယ်သွားခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဂူဟီက ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းဖြင့် လီဗာပူးဆီပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒေးဗစ်အော်စတိန်းရဲ့သတင်းအရ ဒီအပြောင်းအရွှေ့လှုပ်ရှားမှု မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်ကစားသမားက ဆဲလ်ဟတ်ပတ်ခ်မှာပဲ ဆက်ရှိနေပါလိမ့်မယ်။ ဒီသတင်းမှာပဲ လီဗာပူးက အပြောင်းအရွှေ့ဈေးကွက်မပိတ်သိမ်းခင်အထိ ကစားသမားအတွက် ကမ်းလှမ်းခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်က အပြောင်းအရွှေ့အတွက် သူတို့ရဲ့ခွင့်ပြုပေးထားမှု ကို ပြန်လည်ရုပ်သိမ်းသွားတယ်လို့ သိရပါတယ်။
သတင်းတွေအရ ဂူဟီက ဆေးစစ်မှုတစိတ်တပိုင်းကို ပြုလုပ်ထားနိုင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိမယ့် ငါးနှစ်စာချုပ်ကို ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲလေ့စ်နည်းပြဂလက်စ်နာက သင့်လျော်တဲ့အစားထိုးမှုတစ်ခုမရှိဘဲ အသင်းခေါင်းဆောင်ထွက်ခွာသွားမယ့် ကိစ္စအပေါ် အပြင်းအထန်ကန့်ကွက်ခဲ့ပါတယ်။ အီးဂဲလ်တွေက တူးလော့ထံမှ ကန်ဗုတ်ကို ခေါ်ယူနိုင်ပြီးနောက် ဘရိုက်တန်ရဲ့အီဂေါဂျူလီယိုကိုလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဂူဟီရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုကို တောင်လန်ဒန်အခြေစိုက်ကလပ်အသင်းက ပိတ်ပင်တားမြစ်ခဲ့ပါတယ်။
ဂူဟီက ၂၀၂၁ ခုနှစ်၊ ချဲလ်ဆီးမှရောက်ရှိလာပြီးနောက်ပိုင်း ခရစ္စတယ်ပဲလေ့စ်အတွက် ၁၅၅ ပွဲပါဝင်ကစားကာ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ဝင်ဘာလေကွင်းဖိုင်နယ်မှာ မန်စီးတီးကို အနိုင်ယူပြီး ယမန်နှစ်ဘောလုံးရာသီ၊ အက်ဖ်အေဖလားအောင်ပွဲဆီ အီးဂဲလ်တွေကို ဦးဆောင်ခေါ်ယူသွားခဲ့ပါတယ်။ နိုင်ငံ့လက်ရွေးစင်အဆင့်မှာလည်း ဂူဟီက အင်္ဂလန်အတွက် ၂၃ ပွဲကစားခဲ့ပြီး ယူရို-၂၀၂၄ ဗိုလ်လုပွဲခရီးစဉ်တလျှောက် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာကုန်ဆုံးတော့မယ့် ဂူဟီရဲ့စာချုပ်သက်တမ်းနဲ့အတူ ခရစ္စတယ်ပဲလေ့စ်က ကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ စာချုပ်သက်တမ်းတိုးမြှင့်မလား(သို့) ဇန်နဝါရီမှာပဲ ရောင်းချမလား(သို့) ရာသီကုန်ကျမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုမလားဆိုပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သွားရဖို့ ရှိနေပါတယ်။ အလားတူ လီဗာပူးဘက်မှာလည်း ဇန်နဝါရီဈေးကွက်ကာလမှသာ အသင်းခံစစ်ပိုင်းအတွက် ခေါ်ယူလိုတဲ့ စကာတင်ကစားသမားစာရင်းကို ပြန်လည်သုံးသပ်သွားရပါမယ်။ အခုတော့ ဂူဟီက ယူရိုပါကွန်ဖရန့်လိဂ်ပြိုင်ပွဲဝင်မယ့် တောင်လန်ဒန်ကလပ်အသင်းမှာ ဂလက်စ်နာရဲ့အစီအမံတွေအတွက် အဓိကအစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်ရှိသွားပါလိမ့်မယ်။