The network connection is lost.

Banner Image

ဆာလက်နဲ့ ဂျိုကာရက်စ်တို့ကိုကျော်ဖြတ်ပြီး ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်ခဲ့တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ခီလီယန်အမ်ဘာပေဟာ စပို့တင်းလစ္စဘွန်းကြယ်ပွင့် ဗစ်တာဂျိုကာရက်စ်နဲ့ လီဗာပူးတောင်ပံကစားသမား မိုဟာမက်ဆာလက်တို့ကိုကျော်ဖြတ်ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီမှ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ စတင်ရောက်ရှိလာခဲ့ပြီး ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ ၅၅ ပွဲကစားကာ ၄၂ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေက လာလီဂါမှာ ၃၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂျိုကာရက်စ်က ပေါ်တူဂီလိဂ်မှာ ၃၉ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဥရောထိပ်သီး ၅ လိဂ်မှာ သွင်းဂိုး ၁ ဂိုးကို ရမှတ် ၂ မှတ်နှုန်းပေးကာ ပေါ်တူဂီလိဂ်အပါအဝင် အခြားလိဂ်တွေမှာတော့ သွင်းဂိုး ၁ ဂိုးကို ၁.၅ မှတ်သာပေးတာကြောင့် အမ်ဘာပေက သွင်းဂိုးနည်းပေမယ့် ရမှတ်အသာရပြီး ရွှေဖိနပ်ကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ 

အမ်ဘာပေဟာ ရာသီအစက တသမတ်တည်းမဟုတ်တဲ့ခြေစွမ်းကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သွင်းဂိုးတွေနဲ့အတူ စွမ်းဆောင်ရည်တိုးတက်လာခဲ့ပြီး ယခုအခါမှာ ဥရောပရွှေဖိနပ်ဆုနဲ့အတူ ဝေဖန်သူတွေမှားယွင်းကြောင်း ပြန်လည်တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဥရောပရွှေဖိနပ်ဆုအတွက် ထိပ်ဆုံး ၃ နေရာမှာ အမ်ဘာပေက ရမှတ် ၆၂ မှတ်၊ ဂျိုကာရက်စ်က ၅၈.၅ မှတ်နဲ့ ဆာလက်က ၅၈ မှတ် စသဖြင့်  အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။ 

ရီးရဲလ်ဆိုစီဒက်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါအပိတ်ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုးအထိ ရယူနိုင်ခဲ့တဲ့ အမ်ဘာပေဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် ဥရောပရွှေဖိနပ်ဆု၊ ကမ္ဘာ့ဖလားရွှေဖိနပ်ဆု၊ ချန်ပီယံလိဂ်ရွှေဖိနပ်ဆုတို့ကို ဆွတ်ခူးနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ အွန်နရီနောက်ပိုင်း ဥရောပရွှေဖိနပ်ဆုကို ပြန်လည်ဆွတ်ခူးနိုင်တဲ့ ပထမဆုံး ပြင်သစ်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ 

လာမယ့်လမှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အမ်ဘာပေတစ်ယောက် ဂိုးတွေထပ်သွင်းနိုင်မလား စောင့်ကြည့်ရပါမယ်။ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်ဟီလယ်၊ ပါချူကာ၊ ဆဲလ်ဘတ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။