ယူနိုက်တက်နဲ့ပွဲစဉ်မတိုင်ခင် လီဗာပူးရဲ့ဒဏ်ရာပြဿနာအခြေအနေတွေကို ထုတ်ဖော်ပြောကြားလာတဲ့ ကလော့ပ်
လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ယနေ့နံနက်က စပါတာပရာဂူးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ လူငယ်ကစားသမားလေး ဘော်ဘီကလာ့ခ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့သော်လည်း ကလာ့ခ်ဟာ ဒဏ်ရာ ရရှိခဲ့တာကြောင့် စောင့်ကြည့်ရမယ့်အနေအထားမှာရှိနေတယ်လို့ အသိပေးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပထမအကျော့မှာ လီဗာပူးဟာ ပရာဂူးကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရခဲ့သလို ဒီနေ့ပွဲစဉ်မှာလည်း နောက်ထပ်တစ်ကြိမ်ဂိုးပြတ်အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၁၁-၂ နဲ့နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်ကစားသမားလေး ကလာ့ခ်ကလည်း သူ့ရဲ့လီဗာပူးကစားသမားဘဝ ပထမဆုံး စီနီယာသွင်းဂိုးကို ဒီနေ့ပွဲမှာ စတင်သွင်းယူနိုင်ခဲ့ပါတယ်။
အသက်-၁၉ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး ကလာ့ခ်ဟာ နယူးကာဆယ်ကွင်းလယ်လူဟောင်း လီရဲ့သားဖြစ်ပြီး ဒီနေ့ပွဲစဉ်ဟာ သူ့ရဲ့ပထဆုံးသော ဥရောပြိုင်ပွဲ ပွဲစဉ်လည်းဖြစ်ပါတယ်။ သို့သော်လည်း ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ပွဲချိန်ပြည့်ကစားခွင့်မရခဲ့ဘဲ ၇၃ မိနစ်မှာ နောက်ထပ် လူငယ်ကြယ်ပွင့်ဖြစ်တဲ့ မူစီယာလိုစကီနဲ့ လူစားလဲခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ကလော့ပ်က မူစီယာလိုစကီကို မိုဟာမက်ဆာလက်နဲ့ လူစားလဲဖို့စီစဉ်ထားတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ကလော့ပ်ဟာ ဆာလက်ကို ယူနိုက်တက်နဲ့ယှဉ်ပြိုင်မယ့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ထည့်သွင်းအသုံးပြုလိုနေတာဖြစ်ပါတယ်။
သို့သော်လည်း ကလာ့ခ်က ဒဏ်ရာ ရရှိသွားတာကြောင့် သူ့ရဲ့အစီအစဉ်ကို ပြောင်းလဲခဲ့ရကြောင်းကို ကလော့ပ်က “ကျွန်တော်တို့က မိုဟာမက်ဆာလက်အစား မူစီယာလိုစကီကို ထည့်သွင်းဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ကလာ့ခ်က ဒဏ်ရာရပြီး ထိုင်နေတော့ သူနဲ့အစားထို့ဖို့ ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်က ဆာလက်ကို ခံစစ်ကိုဆင်းမကူဖို့ပြောခဲ့ပါတယ်။ ကျွန်တော်ဒီလိုစကားမျိုး အခြားကစားသမားတစ်ယောက်ကို အရင်ကမပြောဖူးပါဘူး။ ကလာ့ခ်ကတော့ ဒီပွဲမှာ တကယ်ကောင်းတဲ့စွမ်းဆောင်ရည်နဲ့ တိုးတက်မှုကိုပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေကလည်း စိုးရိမ်စရာတော့သိပ်မရှိပါဘူး။ ကျွန်တော်တို့သူ့ကို လူစားလဲခဲ့ရပေမယ့် အခြားကစားသမားတွေကတော့ ကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ကလာ့ခ်ဟာ လီဗာပူးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၃ ပွဲမှာ ၂ ပွဲအထိပါဝင်ထားရပြီး နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ မန်စီးတီးကိုသရေကျခဲ့တဲ့ ပွဲစဉ်တို့မှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ကစားမယ့် အက်ဖ်အေဖလားပွဲစဉ်ကိုတော့ လီဗာပူးဟာ ဒဏ်ရာကိုယ်စီရရှိနေကြတဲ့ အလီဆင်ဘက်ကာ၊ အလက်ဇန်းဒါးအာနိုးလ်၊ ကာတစ်ဂျုံးစ်၊ ဂရာဗန်ဘက်ချ်၊ ဒီယေဂိုဂျိုတာ၊ မာတစ်ပ်နဲ့ သီယာဂိုအယ်လ်ကန်တာရာတို့မပါဝင်ဘဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။