
နယူးကာဆယ်ကိုကျော်ဖြတ်ပြီး ဘန်လေဂိုးသမား ထရက်ဖို့ဒ်ကို အမိအရခေါ်ယူလိုက်နိုင်တဲ့ မန်စီးတီး
မန်ချက်စတာစီးတီးဟာ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်ကအပြိုင်လိုက်နေတဲ့ ဘန်လေဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်ကို အမိအရခေါ်ယူလိုက်နိုင်ပြီဖြစ်ပါတယ် ထရက်ဖို့ဒ်ဟာ ၂၀၂၃ ခုနှစ်မှာ မန်စီးတီးနဲ့ လမ်းခွဲကာ ဘန်လေသို့ပြောင်းရွှေ့တာဖြစ်ပြီး ယခုအခါမှာတော့ အသင်းဟောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအနေနဲ့ အသက်-၂၂ နှစ်အရွယ်ဂိုးသမားကိုခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းအထိပေးချေခဲ့ရပြီး ယခုအခါမှာတော့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုသွားမယ်လို့သိရပါတယ်။အပြောင်းအရွှေ့စာချုပ်အတွင်း အပိုဆုကြေးတွေအတွက်ပါ သဘောတူညီခဲ့တာကြောင့် ဘန်လေအနေနဲ့ မန်စီးတီးထံမှ စုစုပေါင်း ပေါင် ၃၁ သန်းအထိ ရရှိသွားမှာဖြစ်ပါတယ်။
နယူးကာဆယ်အနေနဲ့လည်း ထရက်ဖို့ဒ်ကိုခေါ်ယူနိုင်ဖို့ အသည်းအသန်ကြိုးစားခဲ့တာဖြစ်ပြီး နည်းပြ အက်ဒီဟိုဝီကိုယ်တိုင်က အင်္ဂလန်သားဟာ အသင်းရဲ့ထိပ်တန်းပစ်မှတ်ဂိုးသမားဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ သို့သော်လည်း ထရက်ဖို့ဒ်ကတော့ နယူးကာဆယ်ကိုငြင်းပယ်ပြီး မန်စီးတီးသို့ပြောင်းရွှေ့ကာ အီဒါဆန်နဲ့ နံပါတ် ၁ ဂိုးသမားနေရာအတွက် စိန်ခေါ်လိုနေတာဖြစ်ပါတယ်။
မန်စီးတီးသို့ရောက်ရှိလာပြီးနောက် ထရက်ဖို့ဒ်က "မန်စီးတီးကို ပြန်လာရတာ ကျွန်တော့်အတွက်ရော၊ မိသားစုအတွက်ပါ ဂုဏ်ယူစရာပါ။ ကျွန်တော်ဒီကနေထွက်ခဲ့ရတုန်းက ဒီကိုပြန်လာနိုင်ရမယ်လို့ စိတ်ဆုံးဖြတ်ထားခဲ့ပါတယ်။ ဒီနေရာက ကျွန်တော့်အတွက် အိမ်ပါပဲ။ ပက်ဂွါဒီယိုလာလို နည်းပြမျိုးနဲ့ ကမ္ဘာ့အဆင့်အသင်းဖော်တွေနဲ့ အတူတူလက်တွဲသွားဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်"
"ကျွန်တော့်အသက်က အခုမှငယ်ငယ်လေးရှိသေးလို့ အတွေ့အကြုံတွေ၊ သင်ယူမှုတွေအများကြီးလုပ်သွားရပါဦးမယ်။ ဒီလိုအတွေ့အကြုံတွေရဖို့အတွက် မန်စီးတီးကလွဲပြီး ပိုကောင်းတဲ့အသင်းမရှိပါဘူး။ မန်စီးတီးပရိသတ်တွေရှေ့မှာ ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ဒီအသင်းကို အောင်မြင်မှုတွေရဖို့ အတတ်နိုင်ဆုံးကူညီပြီး အကောင်းဆုံးဂိုးသမားဖြစ်အောင် ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ထရက်ဖို့ဒ်ရောက်ရှိလာတာကြောင့် လက်ရှိမန်စီးတီးရဲ့ ဒုတိယဦးစားပေးဂိုးသမား စတီဖန်အော်တီဂါအနေနဲ့ ယခုနွေရာသီမှာပဲ အသင်းကနေထွက်ခွာသွားဖွယ်ရှိပါတယ်။ အော်တီဂါဟာ ပြီးခဲ့တဲ့ရာသီက မန်စီးတီးအတွက် ပရီးမီးယားလိဂ် ၁၃ ပွဲအထိပါဝင်ကစားခဲ့ရတဲ့အပြင် အခြားပြိုင်ပွဲတွေမှာလည်း အဓိက ဂိုးသမားအဖြစ်ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ အော်တီဂါကို ကမ်းလှမ်းထားတဲ့ ထိပ်သီးအသင်းမရှိသေးဘဲ ဘန်လေက ထရက်ဖို့ဒ်နေရာမှာ အစားထိုးဖို့ ခေါ်ယူနိုင်ချေရှိတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
မန်စီးတီးနဲ့ ၅ နှစ်စာချုပ်ချုပ်ခဲ့တဲ့ ထရက်ဖို့ဒ်အနေနဲ့ အသင်းရဲ့ကာလရှည်ပရောဂျက်တွေထဲမှာပါဝင်လာမှာဖြစ်ပြီး လာမယ့ရာသီမှာပဲ နံပါတ် ၁ ဂိုးသမားအဖြစ် သတ်မှတ်ခံရဖွယ်ရှိပါတယ်။ လာမယ့်ဩဂုတ်လ ၁၀ ရက်နေ့မှာတော့ မန်စီးတီးဟာ ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ပါလာမိုနဲ့ ယှဉ်ပြိုင်သွားရပါမယ်။