နယူးကာဆယ်ကနေ ထွက်ခွာမယ်ဆိုတာ အတည်ပြုပြီးနောက် ကမ်းလှမ်းမှုတွေ ရရှိနေပြီလို့ ထရစ်ပီယာ ဝန်ခံ
ကီရင် ထရစ်ပီယာက အခုလာမယ့် နွေရာသီမှာ နယူးကာဆယ်အသင်းကနေ ထွက်ခွာတော့မယ်ဆိုတာကို ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပြီးနောက် သူ့ဆီကို ကမ်းလှမ်းမှုတွေ စတင်ရောက်ရှိနေပြီလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နယူးကာဆယ် အသင်းခေါင်းဆောင်ဟောင်းဟာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ စနေနေ့မှာ အတည်ပြုခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထရစ်ပီယာက သူဟာ ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ် မရှိသေးကြောင်းနဲ့ လက်ရှိမှာ ကမ်းလှမ်းမှုတွေ စတင်ရရှိနေပြီလို့ ဖွင့်ဟခဲ့ပါတယ်။
"လက်ရှိမှာတော့ ကမ်းလှမ်းမှုတချို့ ရှိနေပါတယ်၊ အသင်းအပေါ် လေးစားမှုရှိချင်တာကြောင့် အများကြီးတော့ မပြောချင်သေးပါဘူး။ အခြေအနေတွေ အဆင်ပြေသွားတဲ့အခါ အားလုံး ရှင်းလင်းသွားပါလိမ့်မယ်။ အခုလောလောဆယ်မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားမယ့်ပွဲအပါအဝင် ကျန်ရှိနေတဲ့ ပွဲစဉ်တွေမှာ အသင်းအတွက် အရင်အတိုင်းပဲ အစွမ်းကုန် ကြိုးစားသွားဖို့ကိုပဲ အာရုံစိုက်ထားပါတယ်။ အနာဂတ်မှာ ဘာပဲဖြစ်လာလာ လက်ခံဖို့ အဆင်သင့်ရှိနေပြီး စိတ်လည်း လှုပ်ရှားနေပါတယ်" လို့ ၎င်းက ပြောပါတယ်။
ထရစ်ပီယာက ဆက်လက်ပြီး "အခုအချိန်မှာ ကျွန်တော် ထွက်ခွာတော့မယ်လို့ ထုတ်ပြောလိုက်တာက ဘာမှ ပြဿနာမရှိပါဘူး။ ကျွန်တော့်ဆီကနေ အသင်းအပေါ် အပြည့်အဝ အာရုံစိုက်မှုကို ဆက်ပြီး မြင်တွေ့ရဦးမှာပါ။ ဒါကို နည်းပြရော အသင်းဖော်တွေပါ သိပါတယ်။ ကျွန်တော် ပွဲထွက်ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ အသင်းကို အမြဲတမ်း အားပေးကူညီသွားမှာပါ" လို့ ဆိုခဲ့ပါတယ်။