The network connection is lost.

Banner Image

မော်ရင်ဟိုနဲ့ကောလာဟလထွက်ပေါ်နေမှုကို နယူးကာဆယ်တာဝန်ရှိသူတွေ တုံ့ပြန်လာ

နယူးကာဆယ်အသင်းနဲ့နီးစပ်သူတွေကတော့ နည်းပြအက်ဒီဟိုဝီရဲ့ရာထူးနဲ့ပတ်သက်လို့ စိတ်ချရတဲ့အခြေအနေမှာရှိနေတယ်လို့ အခိုင်အမာ ပြောဆိုနေကြပါတယ်။

ဘင်ဖီကာနည်းပြမော်ရင်ဟိုကို အသင်းပိုင်ရှင်ဆော်ဒီလုပ်ငန်းစုဘက်က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ နယူးကာဆယ်သတင်းရင်းမြစ်တွေကတော့ အက်ဒီဟိုဝီရဲ့ နေရာမှာ အစားထိုးဖို့ ဘာပြင်ဆင်မှုမှမရှိဘူးလို့ ပြောကြားလာတယ်လို့ ChronicleLive မှ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာကို ၇-၂ ဂိုးဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သလို ရက်ပိုင်းအတွင်းမှာပဲ ဒါဘီပြိုင်ဘက်ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်ခဲ့လို့ နည်းပြအက်ဒီဟိုဝီမှာ ဖိအားတွေအောက် ရောက်ရှိသွားပါတယ်။

ဒါပေမဲ့ နယူးကာဆယ်နဲ့နီးစပ်သူတွေကတော့ ဆော်ဒီပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) ရဲ့ အကြီးအကဲတွေကိုယ်တိုင် နည်းပြသစ်အစားထိုးဖို့ ဆွေးနွေးနေတာမျိုး မရှိဘူးလို့ အခိုင်အမာပြောဆိုလာကြပါတယ်။ အဲ့ဒီအစား နည်းပြအက်ဒီဟိုစီနဲ့ ကစားသမားသစ်ရှာဖွေရေးအဖွဲ့ကို ဆက်လက်ယုံကြည်ပေးပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လူစာရင်းပိုမိုတောင့်တင်းလာအောင် ပံ့ပိုးကူညီပေးသွားဖို့ပဲ စီစဉ်ထားပါတယ်။

လောလောဆယ်မှာတော့ နယူးကာဆယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်-၁၂ နေရာမှာ ရောက်ရှိနေလို့ လာမယ့်ရာသီ၊ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ အခွင့်အလမ်း အတော်လေးနည်းပါးနေပါတယ်။