ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုမရှိသေးကြောင်း အာဒမ်လောရင့်စ် ဝန်ခံ
မန်ချက်စတာယူနိုက်တက် ယူ-၂၁ နည်းပြ အာဒမ်လောရင့်စ်က သူဟာ အခုရာသီကုန်အထိပဲ စာချုပ်သက်တမ်းရှိတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ကနေ ထွက်ခွာလာတဲ့ လောရင့်စ်ဟာ ထရက်ဗစ်ဘင်နီယံ (Travis Binnion) နေရာမှာ အစားထိုးဖို့ ယူနိုက်တက်ဆီကို တစ်ကျော့ပြန် ပြန်လည်ရောက်ရှိလာတာပါ။ ထရက်ဗစ်ဘင်နီယံကတော့ နည်းပြ မိုက်ကယ်ကားရစ်ရဲ့ စီနီယာအသင်း နည်းပြအဖွဲ့ဆီ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။
လောရင့်စ်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက် ယူ-၁၈ နည်းပြအဖြစ်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့သွားခဲ့သူလည်း ဖြစ်ပါတယ်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် အခုလိုဖြေရတာက ပိုပြီးသေချာမယ်ထင်ပါတယ်၊ ကျွန်တော် အခုရာသီကုန်ထက် ပိုပြီးတော့ ဘာမှမစဉ်းစားရသေးပါဘူး။ ဇန်နဝါရီလကုန်ပိုင်းလောက်ကမှ ကျွန်တော် အသင်းဆီ ပြန်ရောက်လာတာပါ" လို့ Manchester Evening News ကို သူက ပြောပြခဲ့ပါတယ်။
"အခုပြန်ရောက်တာ နှစ်လလောက် ရှိသွားပြီ၊ ရာသီကုန်ဖို့ကလည်း နောက်ထပ် လအနည်းငယ်ပဲ လိုပါတော့တယ်။ ဒီကိုပြန်လာကတည်းက ရာသီကုန်အထိပဲဆိုတာ ကျွန်တော်သိပြီးသားပါ၊ အဲဒီနောက်ပိုင်း ဘာဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပေါ့။ အမှန်အတိုင်း ပြောရရင် အဲဒီကိစ္စအတွက် အချိန်တွေ၊ အားအင်တွေ အများကြီး မပေးထားပါဘူး"
စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေရှိလားလို့ မေးမြန်းရာမှာတော့ လောရင့်စ်က "အခုအချိန်မှာ ဆွေးနွေးဖို့ဆိုတာက စောလွန်းပါသေးတယ်။ လောလောဆယ်မှာတော့ လူတိုင်းက စီနီယာအသင်းနဲ့ အကယ်ဒမီအစီအစဉ်တွေအပေါ်မှာပဲ အာရုံစိုက်နေကြတာပါ" လို့ ဆိုပါတယ်။
"နောက်ထပ် နှစ်လလောက်အတွင်း ဘာတွေလုပ်ရမယ်ဆိုတာကိုပဲ အာရုံစိုက်နေပြီး ကျန်တာတွေကတော့ အချိန်တန်ရင် အလိုလိုဖြစ်လာမှာပါ။ ကျွန်တော့်အလုပ်က ကစားသမားတွေနဲ့ အသင်းအဖွဲ့အပေါ် အားအင်အပြည့်အဝပေးဖို့၊ ကစားသမားတွေကို ဆက်ပြီးပံ့ပိုးပေးဖို့နဲ့ ရာသီကုန်ဖို့ကျန်နေတဲ့ ဒီနှစ်လ၊ သုံးလအတွင်း အသင်းဝန်ထမ်းတွေနဲ့အတူ လက်တွဲပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့ပါပဲ" လို့ ပြောကြားသွားခဲ့ပါတယ်။