အသက် ၄၀ အရွယ်မှာ ကစားသမားဘဝကနေ ပြန်လည်သက်ဝင်လာပြီး အင်္ဂလန်ကလပ်တစ်ခုနဲ့ ပူးပေါင်းလိုက်တဲ့ ယူနိုက်တက်ဂန္ထဝင် အန်တိုနီယို ဗလင်စီယာ
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်ကစားသမား အန်တိုနီယို ဗလင်စီယာဟာ ဆန်းဒေးလိဂ်အသင်းတစ်သင်းဖြစ်တဲ့ Wythenshawe FC Vets အသင်းဆီကို ပြောင်းရွှေ့ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။
ဗလင်စီယာဟာ ၂၀၀၈ ခုနှစ်မှာ ဝီဂန်အသင်းကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာရှိနေစဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ EFL ဖလား ၂ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။
သူဟာ ယူနိုက်တက်အတွက် ၃၃၉ ပွဲ ကစားပေးခဲ့ပြီး ၂၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၂၀၁၈-၁၉ ရာသီမှာ အသင်းကနေ မထွက်ခွာခင် သူ့ရဲ့နောက်ဆုံးပွဲစဉ်မှာတော့ အဲဒီအချိန်က မန်နေဂျာဖြစ်သူ ဂျိုဆေးမော်ရင်ဟိုက သူ့ကို အသင်းခေါင်းဆောင်လက်ပတ် ဝတ်ဆင်စေခဲ့ပါတယ်။
အခုအခါမှာတော့ သူဟာ အင်္ဂလန်ဘောလုံးလောကရဲ့ ကိုးခုမြောက်အဆင့်မှာ ကစားနေတဲ့ Wythenshawe FC Vets အသင်းဆီကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအသင်းမှာရှိတဲ့ ကစားသမားတွေအားလုံးရဲ့ ထိပ်တန်းလိဂ်ပွဲထွက်ခွင့် စုစုပေါင်းဟာ အကြိမ်ရေ ၁,၈၀၀ ကျော်အထိ ရှိနေပါတယ်။
အသင်းရဲ့ အင်စတာဂရမ်ကတစ်ဆင့် ထုတ်ပြန်ချက်မှာတော့ "ပရီးမီးယားလိဂ်ချန်ပီယံ အန်တိုနီယို ဗလင်စီယာကို Wythenshawe Vets ဆီ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်၊ ချန်ပီယံဆုရှင် တစ်ယောက်ဖြစ်တဲ့ ဗလင်စီယာဟာ အခုဆိုရင် ကျွန်တော်တို့အသင်းရဲ့ အမှတ်တံဆိပ်ကို ဝတ်ဆင်တော့မှာပါ။ အသင်းဆီ ကြိုဆိုပါတယ် အန်တိုနီယို!" လို့ ဖော်ပြထားပါတယ်။
အဲဒီအသင်းမှာ အင်္ဂလန်လက်ရွေးစင် အီမေးဟက်စကီး၊ ဒန်နီဒရင်ဝါတာ၊ စတီဖင်အိုင်ယာလန်၊ ဂျိုလီယွန်လက်စကော့၊ နီဒမ်အိုနူအိုဟာ၊ မာ့ခ်အယ်လ်ဘရိုက်တန်၊ ဂျက်ဖာဆန်မွန်တီရို၊ ကင်မရွန်ဂျရုန်းနဲ့ ပါပစ်ဆီဆေးတို့လို ရင်းနှီးပြီးသား ကစားသမားတွေလည်း ပါဝင်နေပါတယ်။
၂၀၂၁ ခုနှစ် မေလမှာ ကစားသမားဘဝက အနားယူခဲ့ပြီးနောက် ဗလင်စီယာဟာ ယူနိုက်တက်ဂန္ထဝင်အသင်းအတွက် ပွဲအချို့ ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အောင်မြင်မှုတွေ အများကြီး ရရှိအောင် စွမ်းဆောင်ပေးထားတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းတွေ စုစည်းနေတဲ့ အသင်းမှာ ပွဲထွက်ခွင့်ရဖို့အတွက် သူ ကြိုးစားရတော့မှာပါ။
အိုလံပစ်ရွှေတံဆိပ် ရှစ်ဆုရှင် ယူစိန်ဘော့လ်ကလည်း အရင်တုန်းက ဒေါ့မွန်အသင်းလိုမျိုးမှာ ဘောလုံးသမားအဖြစ် စမ်းသပ်ကစားခဲ့ဖူးပြီး အခု Wythenshawe ရဲ့ စီမံကိန်းမှာ ပါဝင်ချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ "နားထောင်ပါ၊ ကျွန်တော် အဆင်သင့်ပါပဲ။ ကျွန်တော် ကြံ့ခိုင်မှုပြန်ပြည့်လာပြီဆိုရင် ကစားဖို့ အသင့်ပါပဲ" လို့ ဘော့လ်က ဆိုပါတယ်။