နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ မက်ဂွါရီပြန်လည်ပါဝင်လာနိုင်ကြောင်း အသိပေးလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဘရိုက်တန်နဲ့ပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ အသင်းရဲ့နောက်ခံကြယ်ပွင့် ဟယ်ရီမက်ဂွါရီဟာ လာမယ့်ရက်သတ္တပတ် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်ကစားနိုင်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
မက်ဂွါရီမပါပေမယ့် ဘရိုက်တန်နဲ့ပွဲစဉ်မှာ ယူနိုက်တက်ဟာ ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပြီး အသင်းအတွက်ဂိုးတွေကို မားသီးယက်စ်ကွန်ညာ၊ ကတ်စ်မဲရိုးနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ ယခုပွဲစဉ်မှာ ကွန်ညာက သူ့ရဲ့ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့သလို၊ ယူနိုက်တက်အနေနဲ့လည်း အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိတက်လှမ်းနိုင်ခဲ့တာကြောင့် အသင်းအတွက် အတော်လေးအကျိုးဖြစ်ထွန်းခဲ့တဲ့ပွဲစဉ်လို့ဆိုရပါမယ်။
လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၈ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးထားတဲ့ ဖောရက်စ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ မက်ဂွါရီကို ပြန်လည်မြင်တွေ့သွားရဖွယ်ရှိပါတယ်။ ဘရိုက်တန်နဲ့ပွဲစဉ်အပြီးမှာ အာမိုရင်က "သူက ဒီပွဲမှာပါဝင်ဖို့ ကြံ့ခိုင်မှုမလုံလောက်ခဲ့ပါဘူး။ လာမယ့်အပတ်မှာတော့ သူပြန်ကစားနိုင်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့စောင့်ကြည့်ရဦးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီသားနည်းပြက ဘရိုက်တန်နဲ့ပွဲစဉ်မှာ မက်ဂွါရီကို ထည့်သွင်းအသုံးပြု ဖို့အခွင့်အရေးရှိခဲ့ပေမယ့် စွန့်စားမှုမပြုလုပ်ချင်ကြောင့် လူစာရင်းမှချန်လှပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အာမိုရင်က "လာမယ့်အပတ်မှာ သူကစားနိုင်မယ်လို့ထင်ပါတယ်။ ဒါပေမယ့် သေချာပေါက်တော့မပြောနိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းရဲ့ကစားသမားတွေကို စွန့်စားမှုယူပြီးအသုံးပြုမှာမဟုတ်ပါဘူး။ ဒါက ဟယ်ရီအတွက်ရော၊ တစ်သင်းလုံးစာအတွက်ပါပြောတာပါ"
"အသင်းမှာကစားသမားတိုင်းက အရေးပါတယ်ဆိုတာကို ကျွန်တော်ပြချင်ပါတယ်။ အခုလက်ရှိ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်" လို့ပြောကြားခဲ့ပါတယ်။ မန်ချက်စတာစီးတီး၊ လီဗာပူးနဲ့ ချဲလ်ဆီးတို့က ရှုံးပွဲကိုယ်စီကြုံတွေ့ပြီး အမှတ်တွေလျော့ထားကြတာကြောင့် ယူနိုက်တက်ဟာ ယခုတစ်ပတ်မှာ အခွင့်အရေးအပြည့်အဝယူပြီး အဆင့် ၆ နေရာသို့တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ လာမယ့်အပတ် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာလည်း ယူနိုက်တက်အနေနဲ့ နောက်ထပ်ပရီးမီးယားလိဂ်နိုင်ပွဲတစ်ပွဲကို ဆက်လက်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။