အဲဗာတန်နဲ့ပွဲစဉ်အတွက် သူ့ရဲ့စိုးရိမ်မှုတွေကို ထုတ်ဖော်ပြောပြလာတဲ့ ပက်ဂွါဒီယိုလာ
Boxing Day မှာ လတ်တလောကျဆင်းမှုတွေကို အဆုံးသတ်ဖို့ ရည်မှန်းထားတဲ့ မန်စီးတီးက လှည့်စားတတ်တဲ့အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေချိန် ပက်ဂွါဒီယိုလာကိုယ်တိုင် သတိမပြတ်ရှိနေခဲ့ပါတယ်။
ပက်ဂွါဒီယိုလာလက်အောက် အဆိုးဝါးဆုံးအခိုက်အတန့်ကိုကျော်ဖြတ်နေရတဲ့ မန်စီးတီးက ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲကစားရာမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ရုတ်ချည်းခြေချော်သွားမှုက အောက်တိုဘာ ၃၀ ရက်၊ တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ စတင်ခဲ့တာပါ။ အဲ့ဒီအချိန်မှစပြီး မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုကျဆင်းသွားခဲ့ကာ လက်ရှိအဆင့်-၇ နေရာဆီ ရောက်ရှိနေပြီး အမှတ်ပေးဇယားဦးဆောင်သူလီဗာပူးနဲ့ ၁၂ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။
အခုအချိန်မှာတော့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေက သူတို့ရဲ့ဆုတ်ယုတ်မှုကို အဆုံးသတ်ကာ နိုင်ပွဲတွေရှာဖွေဖို့ ရည်မှန်းထားပါလိမ့်မယ်။ သူတို့ကစားရမယ့်နောက်ထပ်ပြိုင်ဘက်က နောက်ဆုံးလိဂ်နှစ်ပွဲဆက်၊ အာဆင်နယ်နဲ့ချဲလ်ဆီးကို ဂိုးမရှိသရေကစားထားတဲ့ အဲဗာတန်ပဲ ဖြစ်ပါတယ်။ Boxing Day ပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာကတော့ အဲဗာတန်နဲ့ရင်ဆိုင်ရမှုကို စိုးရိမ်နေပြီး အတားအဆီးတွေကို ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာကို ဖွင့်ဟပြောကြားခဲ့ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း မန်စီးတီးနည်းပြက “သူတို့တွေက ကိုယ့်အတွက် အဆင်ပြေနိုင်တဲ့ ပြိုင်ဘက်မျိုးမဟုတ်ပါဘူး။ ဒါကြောင့် အကောင်းဆုံးပုံစံပြန်ရရှိလာစေဖို့ ကိုယ်တိုင်ပဲ လုပ်ဆောင်သွားရပါမယ်။ အချိန်တော့ ယူသွားရပါလိမ့်မယ်။ တက်နိုင်သမျှအမြန်ဆုံး ရလဒ်ကောင်းတွေရရှိဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့က အခိုက်အတန့်ကောင်းတစ်ခုဆီ ရောက်ရှိနေတဲ့ အဲဗာတန်နဲ့ ရင်ဆိုင်သွားရပါမယ်။ သူတို့ရဲ့ရလဒ်နဲ့ စွမ်းဆောင်ရည်တွေက ဒီအချက်ကို ပြသပေးနေပါတယ်”လို့ ပြောပါတယ်။
အိမ်ကွင်း Boxing Day ပွဲစဉ်အပြီး မန်စီးတီးက ဒီဇင်ဘာ ၂၉ ရက်၊ ကင်းပါဝါကွင်းကြီးမှာ လက်စတာကို ရင်ဆိုင်ရင်း ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်သွားရပါလိမ့်မယ်။