စပိန်ယူရိုကြယ်ပွင့်ကို ဘာစီလိုနာအစား ချဲလ်ဆီးဆီ ပြောင်းရွှေ့လာဖို့ စည်းရုံးနေတဲ့ ကူကူရယ်လာ
ယူရို-၂၀၂၄ ပြိုင်ပွဲကာလအတွင်းမှာပင် ကူကူရယ်လာက သူ့ရဲ့စပိန်လက်ရွေးစင်အသင်းဖော် နီကိုဝီလျံစ်ကို ဘာစီလိုနာအစား ချဲလ်ဆီးဆီ ပြောင်းရွှေ့လာရေးအတွက် ဆွဲဆောင်စည်းရုံးဖို့ ကြိုးပမ်းနေပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘီလ်ဘာအိုအသင်းနဲ့အတူ အထူးခြေစွမ်းပြသခဲ့သလို လက်ရှိယူရိုပြိုင်ပွဲကြီးမှာလည်း စပိန်အသင်းအတွက် အစွမ်းကုန်တောက်ပနေတဲ့ နီကိုဝီလျံစ်ကို ဘာစီလိုနာက အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း နူးကမ့်ဆီခေါ်ယူနိုင်ရေး စိတ်အားထက်သန်နေပါတယ်။ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၆ ဒဿမ ၅ သန်းသာရှိတဲ့ အသက်-၂၁ နှစ်အရွယ်ကစားသမားက ဂျာမန်မြေဥရောပချန်ပီယံရှစ်ပြိုင်ပွဲအတွင်း စပိန်အသင်းအတွက် ပွဲစဉ်လေးခုမှာ သုံးခုကို ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဂျော်ဂျီယာနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာလည်း သွင်းဂိုးရယူနိုင်ခဲ့ပါတယ်။
စပိန်နောက်ခံလူကူကူရယ်လာက နီကိုဝီလျံစ်ဟာ ဘာစီလိုနာအတွက် ကောင်းမွန်တဲ့ကစားသမားသစ်စုဆောင်းမှုတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ယုံကြည်ထားပေမယ့် ဒီအပြောင်းအရွှေ့အစား ချဲလ်ဆီးကိုသာ အသင်းဖော်အနေဖြင့်ရွေးချယ်သွားဖို့လည်း မျှော်လင့်နေပါတယ်။ ချဲလ်ဆီးက အခုနွေရာသီမှာ နီကိုဝီလျံစ်ကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသထားပါတယ်။
ကူကူရယ်လာကိုယ်တိုင်လည်း ဘာစီလိုနာအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပေမယ့် စီနီယာအဆင့်တစ်ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ကာ ၂၀၁၉ ခုနှစ်မှာ အသင်းမှ ထွက်ခွာခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက ဂီတာဖေး၊ ဘရိုက်တန်တို့မှာ ကစားသမားဘဝကို ကျင်လည်ခဲ့ပြီး လက်ရှိမှာတော့ ချဲလ်ဆီးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
စပိန်အခြေစိုက် SPORT သတင်းဌာနနဲ့တွေ့ဆုံချိန် နီကိုဝီလျံစ်အကြောင်း မေးမြန်းလာမှုကို ကူကူရယ်လာက “နီကိုဝီလျံစ်ဟာ ထူးချွန်တဲ့ဘောလုံးသမားတစ်ဦးဖြစ်သလို သူ့ရဲ့အလားအလာတွေကို ထုတ်ပြနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းမှာ သူရှိနေတာ ဂုဏ်ယူစရာပါ။ သူက ကျွန်တော်တို့ရဲ့အသင်းဖော်ဖြစ်ပြီး သူလိုကစားသမားမျိုးနဲ့ တွဲဖက်ကစားရတာ အရာအားလုံးကို ပိုလွယ်ကူလာစေပါတယ်။ နီကိုဝီလျံစ်ကို ခေါ်ယူမှုက ဘာစီလိုနာအတွက် ကောင်းမွန်တဲ့လူသစ်စုဆောင်းမှု ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် အရာအားလုံးက သူ့ရဲ့စိတ်ဆန္ဒအပေါ်မှာပဲ မူတည်နေပါတယ်။ ကျွန်တော်ကတော့ သူ့ကို ချဲလ်ဆီးဆီ ပြောင်းရွှေ့လာဖို့ တိုက်တွန်းခဲ့သလို ဆက်ပြီးလည်း စည်းရုံးနေပါတယ်။ နောက်ဆုံးမှာတော့ အရာအားလုံးက နီကိုဝီလျံစ်အပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ သူက အရမ်းငယ်သေးပေမယ့် အတွေ့အကြုံကောင်းတွေ အများကြီးပိုင်ဆိုင်ထားပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော်ယူဆမိပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။