The network connection is lost.

Banner Image

ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အိမ်ကွင်းအနီရောင်ဂျာစီဝတ်ဆင်ခွင့် တားမြစ်ခံထားရတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ယခုနှစ် ၂၀၂၄-၂၅ ခုနှစ်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ အိမ်ကွင်းအနီရောင်ဂျာစီဝတ်ဆင်ခွင့် တားမြစ်ပိတ်ပင်ခံထားရတယ်လို့သိရပါတယ်။BILD ရဲ့အဆိုအရ ယူအီးအက်ဖ်အေဟာ ၂၀၂၄-၂၅ ရာသီတစ်ခုလုံးအတွက် ချန်ပီယံလိဂ်ပွဲစဉ်တိုင်းမှာ ဘိုင်ယန်မြူးနစ်ကို အနီရောင်အင်္ကျီဝတ်ဆင်ခွင့်တားမြစ်ထားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ အနီရောင်ဂျာစီပေါ်မှာ အနက်ရောင်ကိုအသုံးပြုပြီး ကစားသမားတွေရဲ့ အမည်နဲ့ ကျောနံပါတ်တွေကို ဖော်ပြရာမှာ လုံလောက်အောင် ရှင်းရှင်းလင်းလင်းမရှိဘူးလို့ ယူအီးအက်ဖ်အေက ယူဆထားခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် ယူအီးအက်ဖ်အေထုတ်ပြန်ချက်တွေအရ ဘိုင်ယန်မြူးနစ်အနေနဲ့ အနီရောင်ဂျာစီကို ဝတ်ဆင်ကစားလိုပါက နာမည်နဲ့ ကျောနံပါတ်တွေကို အဖြူရောင်နဲ့ ရိုက်နှိပ်ဖော်ပြသွားဖို့လိုအပ်နေပါတယ်။ ယူအီးအက်ဖ်အေရဲ့တားမြစ်ချက်အတိုင်း ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ် ၈ ပွဲစလုံးမှာ ဘိုင်ယန်မြူးနစ်ဟာ အနီရောင်ဂျာစီကိုဝတ်ဆင်ခဲ့ခြင်းမရှိဘဲ အနက်ရောင်နဲ့ ကလပ်ရဲ့တံဆိပ်အဟောင်းပါဝင်တဲ့ ဝါညိုနုရောင်ဂျာစီတွေကိုသာ ဝတ်ဆင်ကစားခဲ့ပါတယ်။ 

ချန်ပီယံလိဂ်ပွဲစဉ် ၈ ပွဲမှာ ၅ ပွဲအနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ အုပ်စုအမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာသာရပ်တည်နိုင်ခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ အိမ်ကွင်း၊ အဝေးကွင်း ပလေးအော့ဖ်ပွဲစဉ် ၂ ပွဲကစားသွားဖို့လိုအပ်နေပါတယ်။ ပလေးအော့ဖ်အဆင့်မှာ ဘိုင်ယန်မြူးနစ်ဟာ စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်နဲ့တွေ့ဆုံနေပြီး လာမယ့်ကြာသပတေးနေ့မှာပဲပထမအကျော့ပွဲစဉ်အဖြစ် အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီး စနေနေ့မှာတော့ ဗင်းဆင့်ကွန်ပနီရဲ့အသင်းဟာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ လေဗာကူဆင်နဲ့ ကစားသွားရပါမယ်။