
အေဂျက်စ်လူစာရင်းမှ နုတ်ထွက်ခဲ့တဲ့ ချဲလ်ဆီးပစ်မှတ် ဟာတို
အေဂျက်စ်နောက်ခံလူ ဂျော်ရဲလ်ဟာတိုဟာ ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုတွေကို လက်ခံရရှိပြီးနောက် ဆဲလ်တစ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွက်လူစာရင်းမှ နုတ်ထွက်ခဲ့တယ်လို့သိရပါတယ်။ ချဲလ်ဆီးဟာ အပြောင်းအရွှေ့အတွက် ဟာတိုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေရရှိထားခဲ့ပြီးဖြစ်ပေမယ့် အေဂျက်စ်နဲ့တော့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေရဆဲဖြစ်ပါတယ်။ သတင်းတွေအရ အေဂျက်စ်က ကစားသမားရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၅၂ သန်းအထိအလိုရှိနေပြီး ချဲလ်ဆီးကတော့ အဆိုပါဈေးနှုန်းမှာဝယ်ယူမှာမဟုတ်ဘူးလို့သိရပါတယ်။
အေဂျက်စ်ကတော့ ဆဲလ်တစ်နဲ့ပွဲမှာ ဟာတိုကိုချန်လှပ်ခဲ့ခြင်းမှာ နည်းစနစ်အရဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အသက်-၁၈ နှစ်အရွယ်ကစားသမားဟာ အေဂျက်စ်ရဲ့အလွန်အရေးပါတဲ့ နောက်ခံလူဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က အင်္ဂလန်ထိပ်သီးကလပ်မှာသွားရောက်ကစားဖို့ စိတ်အားထက်သန်နေတာဖြစ်ပါတယ်။
ဘယ်ခြေကိုအားပြုကစားတဲ့ ဟာတိုဟာ ချဲလ်ဆီးရဲ့ဗဟိုခံစစ်မှာသာမက ဘယ်နောက်ခံနေရာမှာပါ ခြေစွမ်းပြနိုင်တဲ့ကစားသမားတစ်ဦးဖြစ်တာကြောင့် နည်းပြအန်ဇိုမာရက်စ်ကာရဲ့ မျက်စိကျခြင်းကိုခံနေရသူလည်းဖြစ်ပါတယ်။ ချဲလ်ဆီးကို သူ့စိတ်ကြိုက်ပုံစံ ပြောင်းလဲနိုင်ဖို့ကြိုးစားနေတဲ့ မာရက်စ်ကာဟာ ဟာတိုလို စွယ်စုံရကစားသမားမျိုးကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
ယခုနွေရာသီအတွင်းမှာလည်း ချဲလ်ဆီးဟာ လီယမ်ဒီလပ်၊ ဂျာအိုပက်ဒရိုနဲ့ ဂျေမီဂစ်တန်စ်တို့ကို ခေါ်ယူထားပြီးဖြစ်သလို၊ အမေရိကန်မှာကျင်းပခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ချန်ပီယံအဖြစ် အောင်ပွဲခံထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် မာရက်စ်ကာရဲ့ဦးဆောင်မှုနောက်မှာ ချဲလ်ဆီးအနေနဲ့ ကစားသမားသစ်တွေ ဆက်လက်ခေါ်ယူသွားနိုင်ချေရှိပြီး ယခုအခါမှာ ဟာတိုရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို တွန်းအားပေးလုပ်ဆောင်နေပြီဖြစ်ပါတယ်။ သို့သော်လည်း လောလောဆယ်မှာတော့ အေဂျက်စ်ကတောင်းဆိုထားတဲ့ ပေါင် ၅၂ သန်းဆိုတဲ့ဈေးနှုန်းကိုတော့ ပေးချေသွားမလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။