ဟယ်ရီကိန်းရဲ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ သတင်းစကားပါးလာတဲ့ ကွန်ပနီ
ယမန်နေ့(တနင်္လာနေ့)မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီး ဘိုင်ယန်မြူးနစ်ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ နည်းပြကွန်ပနီက ဟယ်ရီကိန်းရဲ့အခြေအနေနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ သတင်းစကားပါးလိုက်တာပဲ ဖြစ်ပါတယ်။
“ ဒီနေ့လေ့ကျင့်ခန်းအစီအစဉ်ကို ဟယ်ရီကိန်း အဆင်ပြေပြေပါဝင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မနက်ဖြန်မနက်လောက်အထိ သူ့ရဲ့အခြေအနေ ဘယ်လိုရှိမလဲဆိုတာကို ထပ်စောင့်ကြည့်သွားချင်ပါတယ်” လို့ ကွန်ပနီက ဆိုပါတယ်။
“ ကျွန်တော်တို့နဲ့အတူ ဟယ်ရီကိန်းရှိနေပြီး မနက်ဖြန်ပွဲမှာ သူပါဝင်ကစားပေးနိုင်ဖို့ဆိုတာ အရေးကြီးပါတယ်” လို့လည်း ကွန်ပနီက ဆက်ပြောခဲ့ပါတယ်။ ဒါက အတ္တလန္တာနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အင်္ဂလန်ကြယ်ပွင့် ပါဝင်ကစားနိုင်ခြေရှိတယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြက အရိပ်အမြွက်ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။
ယမန်နေ့မနက်အစောပိုင်းမှာတော့ အသက် ၃၂ နှစ်အရွယ်ဟာရီကိန်းက ဘာဂါမိုမြို့ဆီ မထွက်ခွာခင် အသင်းရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ပြုံးပြုံးရွှင်ရွှင်ဖြင့် အပြည့်အ၀ပူးပေါင်းပါဝင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။
အီတလီကလပ်အသင်းအတ္တလန္တာနဲ့ပတ်သက်လို့ မေးမြန်းမှုကိုတော့ ဘိုင်ယန်မြူးနစ်နည်းပြက ပြိုင်ဘက်အပေါ် ချီးကျူးစကားဆိုခဲ့ပြီး အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့လုံးမှာ ခက်ခဲတဲ့စမ်းသပ်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။
“ကျွန်တော်တို့က ကြံ့ခိုင်မှုပိုင်းကောင်းမွန်တဲ့ ပြိုင်ဘက်အသင်းတစ်ခုနဲ့ ရင်ဆိုင်သွားရပါမယ်။ သူတို့ရဲ့ကစားဟန်က ဒေါ့မွန်နဲ့ပွဲစဉ်လိုပဲ ခံစစ်သုံးယောက်တန်းပုံစံကစားပြီး နောက်ခံလူတွေအကြား ပြေးလွှားနေတာမျိုးနဲ့ တူညီပါတယ်။ ဖြတ်ပြေးတာမျိုးတွေနဲ့ ဆင်တူပါတယ်”
“ဒါပေမဲ့ အတ္တလန္တာရဲ့ပြိုင်ဘက်အပေါ်ဖိအားပေးကစားပုံ(pressing)ကတော့ ဒီဘက်နှစ်ပိုင်းတွေမှာ အထင်ကြီးစရာကောင်းနေခဲ့ပါတယ်။ ဒါဟာ သူတို့ရဲ့ အောင်မြင်မှုတွေအတွက် အဓိကအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်”
“သူတို့က ဥရောပပြိုင်ပွဲအတွေ့အကြုံတွေလည်း ရှိထားသလို ခြေစွမ်းထက်မြက်တဲ့ လေဗာကူဆင်ကိုလည်း ဂိုးပြတ်အနိုင်ယူခဲ့ဖူးပါတယ်။ လွယ်ကူမယ့်ပြိုင်ဘက်မျိုး မဟုတ်ပါဘူး။ သူတို့ကို လျှော့မတွက်သင့်ပါဘူး”
“ဘောလုံးကျွမ်းကျင်သူတိုင်း ဒီပွဲက စိတ်ဝင်စားဖို့ကောင်းတဲ့ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်လာမယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာလည်း အားသာချက်တွေ ရှိသလို အီတလီကလပ်အသင်းတစ်ခုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလည်း သတိပြုမိပါတယ်” လို့ ကွန်ပနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။