The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ အယ်လ်ဟီလယ်တို့ရဲ့ စိတ်ဝင်စားမှု ရရှိထားပေမဲ့ ဘိုင်ယန်မြူးနစ်မှာပဲ ဆက်ရှိနေဖို့ ပြင်ဆင်နေတဲ့ ဟယ်ရီကိန်း

အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် စာချုပ်သက်တမ်းတိုးဖို့ ရှိနေတယ်လို့ GIVEMESPORT ရဲ့သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အသက် ၃၃ နှစ်အရွယ်တိုက်စစ်မှူးရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ချဉ်းကပ်ဝင်ရောက်လာပါပြီ။

သတင်းထောက်ဘန်ဂျက်ကော့ဘ်ရဲ့အဆိုအရ ဟယ်ရီကိန်းရဲ့စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေကို အခုနွေရာသီကာလမှာ ပြန်လည်စတင်လာမယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့ ဆော်ဒီကလပ်အယ်လ်ဟီလယ်တို့ကလည်း အင်္ဂလန်ကပ္ပတိန်ကိုခေါ်ယူဖို့ စုံစမ်းခဲ့ပေမဲ့ ဟယ်ရီကိန်းကတော့ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဆက်ရှိနေဖို့ လိုလားနေပါတယ်။

အချို့သတင်းတွေရဲ့ဖော်ပြချက်အရ ဟယ်ရီကိန်းရဲ့ယူရို ၆၅ သန်းတန် စာချုပ်ဖျက်သိမ်းခွင့်က အခုနွေရာသီမှာ အသက်မဝင်တော့လို့ ဘိုင်ယန်မြူးနစ်ဘက်မှာတော့ ဟယ်ရီကိန်းရဲ့အနာဂတ်နဲ့ပတ်သက်လို့ စိတ်အေးလက်အေး ရှိနေပါတယ်။ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက်ရော၊ အင်္ဂလန်အတွက်ပါ ခြေစွမ်းပြသနိုင်ခဲ့လို့ ဒီနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင် ဖြစ်လာနိုင်သူစာရင်းမှာ ပါဝင်နေပါတယ်။

ဟယ်ရီကိန်းက ပြီးခဲ့တဲ့နွေရာသီ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှစလို့ ဘိုင်ယန်မြူးနစ်အတွက် ၆၄ ဂိုး သွင်းယူပေးထားပါတယ်။ သူက ဘိုင်ယန်မြူးနစ်အတွက် ၁၄၇ ပွဲကစား၊ ၁၄၆ ဂိုးအထိ သွင်းယူထားပြီး ထူးခြားတဲ့စံချိန်တစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဟယ်ရီကိန်းရဲ့သွင်းဂိုးခြောက်ဂိုးနဲ့အတူ အင်္ဂလန်အသင်းက ၁၉၆၆ ခုနှစ်နောက်ပိုင်း အကောင်းဆုံးရလဒ် ပိုင်ဆိုင်ခဲ့သလို ဟယ်ရီကိန်းကိုယ်တိုင်လည်း အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းယူထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။