The network connection is lost.
လီဗာပူးနဲ့ မန်စီးတီးတို့ကို ဖိအားပေးကာ အမှတ်ပေးချန်ပီယံဆုပြေးလမ်းထက် အလှည့်အပြောင်းဖြစ်လာအောင် ပြုလုပ်သွားဖို့အတွက် အာဆင်နယ်ရဲ့သမိုင်းသစ်ရေးထိုးသူတွေ အဆင်သင့်ဖြစ်နေပါပြီလို့ နည်းပြ အာတီတာက သတိပေးလာပါတယ်။
ဒီနေ့မနက်ပိုင်း၊ ရှက်ဖီးလ်ယူနိုက်တက်ကို ဂိုးဒါဇင်ဝက်သွင်းယူကာ အနိုင်ရရှိခဲ့တဲ့ ဂန်းနားတွေက ပရီးမီးယားလိဂ်အဝေးကွင်းသုံးပွဲဆက် ငါးဂိုးထက်မနည်းသွင်းယူနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကလပ်အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒီပွဲစဉ်မှာ ဂန်းနားတွေ အတွက် ဘန်ဝှိုက်သွင်းယူပေးခဲ့တဲ့ ဆဋ္ဌမမြောက်ဂိုးကြောင့် အသင်းသမိုင်းတလျှောက် သွင်းဂိုး ၁၀,၀၀၀ ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်အနေဖြင့် လာမယ့်စနေနေ့၊ အိမ်ကွင်းမှာ ဘရန့်ဖို့ဒ်ကို အနိုင်ကစားနိုင်မယ်ဆိုရင် နောက်ရက်မှာ ကစားမယ့် လီဗာပူး-မန်စီးတီးပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံး နေရာဆီ တက်လှမ်းနိုင်မယ့်အခွင့်အရေးတစ်ခု ပိုင်ဆိုင်ထားပါတယ်။
ဂန်းနားနည်းပြအာတီတာက “ဂိုးကွာခြားချက်တွေက အရေးပါလာမလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင်လည်း လက်ကျန်ပွဲစဉ်တွေကို အနိုင်ရရှိထားဖို့ လိုအပ်ပြီး အနီးစပ်ဆုံး ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အနိုင်ရလဒ်ရှာဖွေသွားရပါမယ်။ ကျွန်တော်တို့သွင်းယူခဲ့တဲ့ဂိုးအရေအတွက်၊ Clean Sheet ရရှိလာမှုတို့နဲ့အတူ ကျွန်တော်တို့အတွက် ရလဒ်ကောင်းတစ်ခု၊ ကြီးကျယ်ခမ်းနားတဲ့ စွမ်းဆောင်ရည်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အသင်းကလည်း အောင်ပွဲဆာလောင်စိတ်တွေ ပိုပြီးပြသလာလို့ ဒါက အရမ်းအပြုသဘောဆောင်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က အကောင်းမွန်ဆုံးစုစည်းထားတဲ့ အသင်းတစ်ခုနဲ့ ရင်ဆိုင်ကစားရင်း သွင်းဂိုးတွေ ရရှိခဲ့ပါတယ်"
"ဒါပေမယ့် ကျွန်တော်တို့ကိုယ်တိုင်ကလည်း အခိုက်အတန့်လေးခုလောက်မှာ ဂိုးပိုက်တွေဆီ သုံးကြိမ်ဘောလုံးရောက်ရှိသွားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကို ကစားသမားတွေ ကိုယ်တိုင်ကလည်း ယုံကြည်ထားကြပါတယ်။ သူတို့မှာ အခုလိုမျိုးစွမ်းဆောင်ပြဖို့ လုပ်နိုင်စွမ်းတွေ ရှိကြပါတယ်။ အရာရာတိုင်းက အဆင်ပြေပြေဖြစ်နေမယ်ဆိုရင် ယုံကြည်မှုတွေ တိုးပွားစေသလို ကစားသမားတွေကိုလည်း ရဲရင့်လာစေပါတယ်။ ဒီနေရာမှာ အကယ်၍တွေ အများကြီးရှိပါတယ်။ ပွဲစဉ်တွေ အနိုင်ရရှိဖို့ ကောင်းကောင်းပြင်ဆင်ထားဖို့ လိုအပ်သလို ပွဲစဉ်ကို အနိုင်ရရှိစေမယ့် အခွင့်အရေး ရရှိလာဖို့လည်း လိုအပ်ပါတယ်။ အကယ်၍ ဒီအတိုင်း ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုရင် ပွဲစဉ်တွေကို အနိုင်ရရှိနိုင်ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်အိမ်ကွင်းလေးပွဲဆက် ငါးဂိုးနဲ့ အထက် ခွင့်ပြုပေးခဲ့ရပြီးနောက် ရှက်ဖီးလ်ယူနိုက်တက်နည်းပြ ခရစ္စဝိုင်ဒါက အာဆင်နယ်နဲ့ပွဲစဉ်မပြီးဆုံးခင်မှာပဲ အိမ်ကွင်းပရိသတ်တွေ ကွင်းတွင်းမှ ထွက်ခွာသွားမှုကို ကြည့်ရှုနေခဲ့ရပါတယ်။
ဝိုင်ဒါက “နာကျင်စရာဘောလုံးရာသီတစ်ခုတော့ ဖြစ်လာခဲ့ပါပြီ။ ပွဲမပြီးဆုံးခင်မှာပဲ ပရိသတ်တွေ ကွင်းတွင်းမှ ထွက်ခွာသွားမှုအပေါ် ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ သူတို့တွေ ကလပ်အသင်းကို ချစ်ကြပါတယ်။ ဒီအခိုက်အတန့်မှာတော့ အားလုံးလည်း နာကျင်ခံစားနေရပါတယ်။ ကျွန်တော်အပါအဝင် နည်းပြတွေနဲ့ ကစားသမားတွေက ဘောလုံးရာသီမကုန်ဆုံးခင် ကျွန်တော်တို့သွားရမယ့်နေရာကို အတူတကွစောင့်ကြည့်သွားရပါမယ်။ ဒီရလဒ်ပိုင်းတွေက လုံးဝလက်ခံနိုင်စရာမရှိသလို အိမ်ကွင်းပွဲစဉ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိရမယ့်အရာတွေလည်း မဟုတ်ပါဘူး”လို့ ဆိုပါတယ်။