ကယ်လ်ဗတ်လီဝင်က ပရီးမီးယားလိဂ်မှ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ လိဒ်နည်းပြချီးကျူး
တနင်္ဂနွေနေ့က ဘရန့်ဖို့ဒ်ကို ၁-၁ နဲ့သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက်ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ကယ်လ်ဗတ်လီဝင်ဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး အင်္ဂလိပ်လူမျိုး တိုက်စစ်မှူးတစ်ဦးဖြစ်တယ်လို့ လိဒ်နည်းပြ ဒန်နီယ်ဖာကီက ချီးကျူးပြောဆိုလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘရန့်ဖို့ဒ်ဟာ ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၇၀ မှာရရှိခဲ့တဲ့ ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်ရဲ့သွင်းဂိုးနဲ့ လိဒ်ကိုစတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ၁၂ မိနစ်အကြာမှာပဲ လိဒ်အတွက်ချေပဂိုးကို တိုက်စစ်မှူး ကယ်လ်ဗတ်လီဝင်က ပြန်လည်သွင်းယူပေးခဲ့ပြီး အဝေးကွင်းမှာ အဖိုးတန်သရေတစ်မှတ်ခွဲယူနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကယ်လ်ဗတ်လီဝင်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး မန်နေဂျာ ဖာကီရဲ့ချီးကျူးပြောဆိုမှုတွေလည်း ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ ဖာကီက "ကယ်လ်ဗတ်လီဝင်က အရမ်းကောင်းတဲ့ကစားသမားပါ။ ကျွန်တော်တို့ သူဘယ်လောက်ကောင်းတယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ သူ့ရဲ့အချက်အလက်တွေက သက်သေပြနေပါတယ်"
"ကွင်းထဲမှာ သူက အသင်းဖော်တွေအတွက် အရမ်းကောင်းတဲ့သူဖြစ်ပြီး ကွင်းပြင်ပမှာလည်း အလုပ်အရမ်းကြိုးစားတဲ့ လူတစ်ယောက်ပါ။ သူက အင်္ဂလိပ်ဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးပါပဲ။ ဟယ်ရီကိန်းကဘွန်ဒက်စ်လီဂါမှာကစားနေလို့ သူက လက်ရှိလိဂ်ရဲ့ အကောင်းဆုံးတွေထဲမှာ ပါဝင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ လိဒ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။