The network connection is lost.

Banner Image

အာတီတာကို ဘာကြောင့် လက်ဆွဲမနှုတ်ဆက်ခဲ့သလဲ ရှင်းပြလာတဲ့ အမ်မရီ

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက အာဆင်နယ်ကို ၄-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပြိုင်ဘက်နည်းပြ မီခေးလ်အာတီတာကို ဘာကြောင့်လက်ဆွဲနှုတ်ဆက်ခြင်းမလုပ်ဘဲ ကွင်းထဲကနေ တစ်ခါတည်းထွက်ခွာခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

အမ်မရီက အာတီတာဟာ သူ့ရဲ့နည်းပြဝန်ထမ်းတွေနဲ့ အောင်ပွဲခံနေပြီး သူ့ကိုလက်ဆွဲနှုတ်ဆက်ဖို့ သတိရပုံမပေါ်တာကြောင့် သူ့အနေနဲ့လည်း ကွင်းထဲကနေ တစ်ခါတည်းထွက်ခွာဖို့သာဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။  ယခုအာဆင်နယ်နဲ့ပွဲစဉ်မတိုင်မီ အက်စတွန်ဗီလာဟာ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်အနိုင်ရထားပြီး အဆိုပါစံချိန်ကို ဆက်လက်ထိန်းသိမ်းဖို့ကြိုးစားခဲ့ပေမယ့် ၄-၁ ဆိုတဲ့ရလဒ်နဲ့အရေးနိမ့်ပြီး စံချိန်ကျိုးပျက်သွားခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အာတီတာက သူ့ရဲ့အာဆင်နယ်နည်းပြဝန်ထမ်းတွေနဲ့ ပုံမှန်အတိုင်းအောင်ပွဲခံနေချိန် အမ်မရီကတော့ လက်ဆွဲနှုတ်ဆက်ဖို့တောင် အချိန်မပေးတော့ဘဲ ကွင်းထဲကနေ တစ်ခါတည်း ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးအင်တာဗျူးမှာတော့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး အမ်မရီက "ဒါက ရိုးရှင်းပါတယ်။ ကျွန်တော့်ရဲ့အကျင့်က ဘာမဆို ခပ်မြန်မြန်လုပ်တတ်ပါတယ်။ ပွဲတစ်ပွဲပြီးရင် ပြိုင်ဘက်နည်းပြနဲ့ ချက်ချင်းလက်ဆွဲနှုတ်ဆက်၊ ကစားသမားတွေနဲ့ နည်းပြတွေကိုခေါ်ပြီး ဥမင်ထဲကိုသွားလေ့ရှိပါတယ်။ ကျွန်တော်သူ့ကိုစောင့်နေပါသေးတယ်။ ဒါပေမယ့် သူက သူ့ရဲ့ဝန်ထမ်းတွေနဲ့အောင်ပွဲခံနေပါတယ်"

"ဒါ့ကြောင့် ကျွန်တော်ကိုယ့်ဘာသာ ဥမင်ထဲသွားဖို့ဆုံးဖြတ်ခဲ့တာပါ။ ဘာပြဿနာမှမရှိပါဘူး။ ပြီးတော့ အပြင်မှာက အရမ်းလည်းအေးနေတော့ မစောင့်နိုင်တော့တာလည်းပါပါတယ်" လို့ပြောကြားခဲ့ပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အာတီတာကလည်း "ဒါကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ်။ ဒါက ပွဲရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ ပြဿနာဖြစ်မယ့်ကိစ္စမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ တစ်ပွဲအပိုကစားထားပြီးချိန် ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်အထိ ဖြတ်တောက်ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ တတိယနေရာက ဗီလာကိုလည်း ၆ မှတ်အထိဖြတ်တောက်နိုင်ခဲ့တာဖြစ်ပါတယ်။