ဗိုလ်လုပွဲရှုံးနိမ့်မှုမှာ အာဆင်နယ်က ဘောလုံးကို ပိုင်ပိုင်နိုင်နိုင်မထိန်းထားနိုင်ခဲ့ဘူးလို့ အာတီတာဝန်ခံ
တနင်္ဂနွေနေ့၊ ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြအာတီတာက စိတ်အေးအေးထားကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
ဝင်ဘလေကွင်ပွဲစဉ်အတွင်း မန်စီးတီးက လူငယ်ကစားသမားအိုရွိုင်လေရဲ့သွင်းဂိုးတွေနဲ့အတူ ၂-၀ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အာဆင်နယ်က ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ဆုဖလားလက်မဲ့အခြေအနေကို ရပ်တန့်ပစ်နိုင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အာတီတာက "အမြဲတမ်းခက်ခဲကြမ်းတမ်းလှတဲ့ အလုပ်တွေကို ရှစ်လကြာကျော်ဖြတ်ပြီးနောက် ဘောလုံးရာသီရဲ့ ပထမဆုံးဆုဖလားကို ရယူချင်တဲ့ဆန္ဒပြင်းပြနေချိန် ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ခဲ့ပြီးမှ အခုလိုရှုံးနိမ့်ရတယ်ဆိုတာ တကယ်ကိုနာကျင်ရသလို ခက်ခဲတဲ့ ခံစားချက်မျိုးလည်း ဖြစ်စေပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့မှာ ဦးဆောင်ဂိုးရရှိနို်ငမယ့် အကောင်းဆုံးအခွင့်အရေးလည်း ရခဲ့ပါသေးတယ်။ အဲဒီအချိန်မှာသာ ဂိုးရသွားခဲ့ရင် ပွဲအခြေအနေက တစ်မျိုးဖြစ်သွားနိုင်ပါတယ်။ သူတို့ကတော့ ကန်သွင်းခွင့်နှစ်ကြိမ်ရပြီး နှစ်ဂိုးလုံး သွင်းယူသွားနိုင်ခဲ့ပါတယ်"
"ဒီနေ့ပွဲမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းက လုံးဝကွဲပြားပါတယ်။ ပထမပိုင်းက အဘက်ဘက်မှကြည့်ရင် တကယ်ကို အကောင်းမြင်စရာဖြစ်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။ ပြိုင်ဘက်အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုကိုလည်း အသိအမှတ်ပြုရပါလိမ့်မယ်"
"ကျွန်တော်တို့မှာ တန်ပြန်တိုက်စစ်ဆင်နိုင်မယ့် အခွင့်အရေးတွေ ရှိခဲ့ပေမဲ့ ဘောလုံးတွေကို အလွယ်တကူဆုံးရှုံးခဲ့ပါတယ်။ ဘောလုံးကို ပြန်လုနိုင်တဲ့ အချိန်မှာလည်း ပြိုင်ဘက်ကိုပဲ ချက်ချင်းပြန်ပေးလိုက်သလိုမျိုး ဖြစ်နေခဲ့ပါတယ်" လို့ ဆိုပါတယ်။
စိတ်အေးအေးထားဖို့ အရေးကြီးပုံနဲ့ ပတ်သက်လို့လည်း အာတီတာက "ပြီးခဲ့တဲ့လတွေမှာ ကျွန်တော်တို့အားလုံးအတူတူ အကောင်းဆုံးဖြတ်သန်းနိုင်ခဲ့ကြပါတယ်။ ဒီနေ့ရလဒ်ကတော့ စိတ်ပျက်စရာကောင်းပေမဲ့ ဒါ ဘောလုံးလောကရဲ့ သဘာဝပါပဲ။ အခုရလာတဲ့ခံပြင်းမှုကို အသုံးချပြီး ကျန်ရှိနေတဲ့ ရာသီကုန်နှစ်လတာကာလကို အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ဖို့ တိုက်ပွဲဝင်သွားရပါမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။