လန်ဒန်ရဲ့ရာသီဥတုကို မကြိုက်ပေမယ့် အာဆင်နယ်ကနေထွက်ခွာမှာမဟုတ်တဲ့ ကာလာဖီအိုရီ
အာဆင်နယ်နောက်ခံလူ ရစ်ကာဒို ကာလာဖီအိုရီက လန်ဒန်ရဲ့ ရာသီဥတုကို သူ သိပ်သဘောမကျဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘိုလော့ဂ်နာနောက်ခံလူဟောင်းက သူဟာ အာဆင်နယ်မှာ ပျော်ရွှင်နေတယ်လို့ အခိုင်အမာ ဆိုပါတယ်။ မနေ့ညက ကာရာဘောင်ဖလား ဗိုလ်လုပွဲ ရှုံးနိမ့်မှုမတိုင်ခင် La Gazzetta dello Sport နဲ့ စကားပြောရာမှာ ကာလာဖီအိုရီက "ကျွန်တော် နေရောင်ခြည်ကို လွမ်းတယ်၊ သူငယ်ချင်းတွေနဲ့ မိသားစုတွေကိုလည်း အခုထက်ပိုပြီး ခဏခဏ တွေ့ချင်ပါတယ်၊ ဒါပေမဲ့ ဒါကို ကျွန်တော် အပြစ်ပြောနေတာ မဟုတ်ပါဘူး။ အီတလီမှာဆိုရင် ကျွန်တော်တို့က အမြဲတမ်း ခွဲခြမ်းစိတ်ဖြာတာ၊ ဆုံးဖြတ်တာနဲ့ ဝေဖန်တာတွေကိုပဲ ကျင့်သားရနေခဲ့တာပါ။ ဒီမှာက အဲဒီလိုမျိုး မဟုတ်တဲ့အတွက် ကျွန်တော် တကယ်ကို သဘောကျမိပါတယ်" လို့ ပြောခဲ့ပါတယ်။
အင်္ဂလန်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်က ဘာကြောင့် ဒီလောက်အထိ သေချာနေခဲ့ရတာလဲဆိုတာကိုလည်း သူက ရှင်းပြခဲ့ပါတယ်။ "ကျွန်တော့်မှာ အင်္ဂလန်မှာ ကစားချင်တဲ့ အိပ်မက် အမြဲတမ်းရှိခဲ့ပါတယ်။ ယူရိုပြိုင်ပွဲပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ တန်ဖိုးက မြင့်တက်လာခဲ့သလို အာဆင်နယ်အသင်းကလည်း ကျွန်တော့်ကို အရမ်းစိတ်ဝင်စားနေတယ်လို့ အေးဂျင့်က ပြောပြခဲ့ပါတယ်။ အပြင်းထန်ဆုံး လိဂ်ပြိုင်ပွဲကို သွားရတော့မယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ တကယ်လို့ လိုအပ်လာခဲ့ရင် နောက်တစ်ဆင့် ပြန်ဆုတ်ဖို့ဆိုတာလည်း အမြဲတမ်း ရှိနိုင်တယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်" လို့ ဆိုပါတယ်။ ဒါ့အပြင် သူက "အာဆင်နယ်ဆိုတာ အာဆင်နယ်ပါပဲ၊ တခြားအသင်းတွေနဲ့ မတူဘဲ ဂန္ထဝင်ဆန်တဲ့ အသင်းတစ်သင်းပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။