ယူရိုပါလိဂ်မှာ ဗိုလ်စွဲဖို့ဆိုရင် အက်စတွန်ဗီလာအသင်းအနေနဲ့ ခြေစွမ်းတည်ငြိမ်မှုရှိဖို့ လိုအပ်တယ်လို့ အမ်မရီ ဝန်ခံပြောကြား
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီနဲ့ ကွင်းလယ်လူ ဂျွန်မက်ဂင်းတို့ဟာ ဒီအပတ်ထဲမှာ ကစားမယ့် လိုင်လီအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် မီဒီယာတွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ပြင်သစ်မြေမှာ အိုလီဝတ်ကင်းရဲ့ ဒုတိယပိုင်း ခေါင်းတိုက်ဂိုးနဲ့ ၁-၀ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ဗီလာအသင်းဟာ ရရှိထားတဲ့ အသာစီးရလဒ်လေးကို ထိန်းသိမ်းဖို့အတွက် လိုင်လီအသင်းကို ဒီကြာသပတေးနေ့မှာ ဘာမင်ဂမ်မြို့က သူတို့အိမ်ကွင်းမှာ ဧည့်ခံကစားသွားမှာ ဖြစ်ပါတယ်။
ဗီလာအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့သလို လိုင်လီအသင်းကတော့ ရန်းစ်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အခုပွဲစဉ်ကို နှစ်သင်းစလုံးက မတူညီတဲ့ ရလဒ်တွေနဲ့အတူ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
အမ်မရီရဲ့ အသင်းအနေနဲ့ ပိုပြီး ခြေစွမ်းတည်ငြိမ်ဖို့ လိုအပ်ပါတယ်။ ကလပ်သမိုင်းတစ်လျှောက် နိုင်ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ၅ ယောက်မြောက် နည်းပြဖြစ်လာတဲ့ အမ်မရီက သူတို့ရဲ့ အသာစီးရလဒ်ဟာ မလုံလောက်သေးကြောင်းနဲ့ ပရီးမီးယားလိဂ်ကလပ်အနေနဲ့ ခြေစွမ်းပိုပြီး တည်ငြိမ်ဖို့ လိုအပ်ကြောင်း ပထမဆုံး ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ ပထမအကျော့မှာ အနိုင်ရခဲ့တယ်၊ ဒါက အရမ်းအရေးကြီးပါတယ်။ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူးဆိုတာ ကျွန်တော် သိပါတယ်။ မနက်ဖြန်ပွဲက ဒီပြိုင်ပွဲမှာ ကျွန်တော်တို့အတွက် အရမ်းကို အရေးကြီးပါတယ်" လို့ သူက ဆိုပါတယ်။
ဒါ့အပြင် "လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလိုမျိုး ခြေစွမ်းတည်ငြိမ်မှုကို ရအောင်လုပ်ရပါမယ်၊ ဒါဟာ စိန်ခေါ်မှုတစ်ခုလို့ ကျွန်တော်တို့ ခံစားရပါတယ်။ အခု ကျွန်တော်တို့ ၁၆ သင်းအဆင့် ဒုတိယအကျော့ကို ကစားရတော့မှာပါ။ လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်က ဒီနေရာကို ရောက်ဖို့ဆိုတာ အိပ်မက်တစ်ခုလိုပါပဲ။ အခုရောက်နေတဲ့ အနေအထားမှာ ဆက်ရှိနေပြီး အစွမ်းကုန် တိုက်ပွဲဝင်သွားချင်ပါတယ်" လို့လည်း အမ်မရီက ထည့်သွင်းပြောကြားခဲ့ပါတယ်။