The network connection is lost.

Banner Image

လိုင်လီကို အနိုင်ရပြီးနောက် ဗီလာအသင်းရဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့တဲ့ အမ်မရီ

မနေ့ညက ကစားခဲ့တဲ့ လိုင်လီနဲ့ပွဲစဉ်မှာ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက အသင်းရဲ့ စံချိန်သစ်တစ်ခုကို ချိုးဖျက်နိုင်ခဲ့ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပြင်သစ်မြေမှာ သွားရောက်ကစားခဲ့ရာမှာ ဗီလာက ၁ ဂိုး - ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အမ်မရီအတွက်တော့ အက်စတွန်ဗီလာနည်းပြဘဝ (၁၀၀) ကြိမ်မြောက် နိုင်ပွဲကို ရရှိသွားတာဖြစ်ပါတယ်။

အမ်မရီဟာ အက်စတွန်ဗီလာသမိုင်းတစ်လျှောက် နိုင်ပွဲ (၁၀၀) ပြည့်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ တတိယမြောက် နည်းပြဖြစ်လာခဲ့ပြီး အသင်းသမိုင်းမှာ အမြန်ဆုံး စံချိန်တင်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အသင်းသမိုင်းမှာ အအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ ရွန်ဆောင်းဒါးစ်ဟာ သူရဲ့တာဝန်ယူမှုသက်တမ်းအတွင်း လိဂ်နဲ့ ဖလားပွဲတွေမှာ စုစုပေါင်း နိုင်ပွဲ (၁၈၀) ရရှိခဲ့ပါတယ်။ သူဟာ ၁၉၇၇-၇၈ ရာသီအကုန်၊ အသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ စတုတ္ထမြောက် ရာသီကျမှသာ နိုင်ပွဲ (၁၀၀) ပြည့်ခဲ့တာပါ။

ဂျိုးမာဆာကတော့ ဗီလာမှာ ရရှိခဲ့တဲ့ စုစုပေါင်းနိုင်ပွဲ (၁၁၉) ပွဲထဲက (၁၀၀) ကြိမ်မြောက် နိုင်ပွဲကို ရရှိဖို့အတွက် ၄ နှစ်ခွဲကြာ တာဝန်ယူခဲ့ရပါတယ်။

ဒါပေမဲ့ အမ်မရီကတော့ ပွဲပေါင်း (၁၈၁) ပွဲ ကစားအပြီး ၃ နှစ်နဲ့ ၄ လအတွင်းမှာတင် နိုင်ပွဲ (၁၀၀) ပြည့်မြောက်တဲ့ စံချိန်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။