အက်စတွန်ဗီလာထက် ယူနိုက်တက်က ပိုကောင်းခဲ့တယ်လို့ အမ်မရီ ဝန်ခံ
အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ထက် ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဗီလာအသင်းဟာ မန်ယူရဲ့ ဦးဆောင်ဂိုးကို ပြန်လည်ချေပနိုင်ခဲ့ပေမဲ့ အိမ်ရှင်အသင်းက နောက်ထပ် နှစ်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ဝေးကွာခဲ့ရတာဖြစ်ပါတယ်။
“ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက မလုံလောက်ခဲ့ပါဘူး။ တစ်ခါတလေမှာ ကျွန်တော်တို့ စီစဉ်ထားသလို ပွဲကို ထိန်းချုပ်နိုင်ခဲ့သလို သူတို့ရဲ့ တိုက်စစ်တွေကိုလည်း တားဆီးနိုင်ခဲ့ပါတယ်” လို့ ပွဲအပြီးမှာ အမ်မရီက ဆိုပါတယ်။
“ခံစစ်ပိုင်းမှာလည်း ကောင်းမွန်ခဲ့ပြီး ဂိုးတွေအများကြီး ပေးမရအောင် တားဆီးနိုင်ခဲ့ပါတယ်။ အိုလီဝက်ကင်းစ်ကနေတစ်ဆင့် ဂိုးရဖို့ အခွင့်အရေးတစ်ခု ရခဲ့သလို ပထမပိုင်းမှာ နှစ်သင်းစလုံး အခြေအနေ တူညီခဲ့ပါတယ်”
“ဒုတိယပိုင်းမှာတော့ ပြိုင်ဘက်အသင်းအပေါ် ပထမပိုင်းလောက် မလွှမ်းမိုးနိုင်တော့ဘဲ သူတို့က ပိုပြီးဖိကစားလာနိုင်ကာ ဂိုးတစ်ဂိုး စတင်သွင်းယူသွားခဲ့ပါတယ်”
“ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပြီး ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ကစားကွက်အတိုင်း ပြန်ကစားဖို့ ဒါမှမဟုတ် တမ်မီ အေဘရာဟမ် ရခဲ့တဲ့ အခွင့်အရေးမျိုးကနေတစ်ဆင့် ဒုတိယဂိုး သွင်းယူဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ခဲ့ပါတယ်”
“အကူးအပြောင်း တွေမှာ ကျွန်တော်တို့ ဂိုးပေးလိုက်ရပါတယ်။ သူတို့က သွင်းဂိုးနဲ့အတူ ရလဒ်ပိုင်းမှာ အသာစီးရသွားတဲ့အတွက် နောက်ပိုင်းမှာ ကျွန်တော်တို့အတွက် ပိုခက်ခဲသွားစေပါတယ်”
“ကျွန်တော်တို့ ကြိုးစားခဲ့ပေမဲ့ အကူးအပြောင်းတွေမှာ နောက်ထပ်ဂိုးတွေ ပေးလိုက်ရပြီး သူတို့က တတိယဂိုး သွင်းယူသွားခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအချို့ ရခဲ့ပေမဲ့ အသင်းရဲ့ ယှဉ်ပြိုင်နိုင်စွမ်း၊ စွမ်းဆောင်ရည်ပိုင်းနဲ့ ပွဲကို ထိန်းချုပ်နိုင်စွမ်းတွေ အချို့နေရာမှာ လွတ်သွားခဲ့တာကတော့ တကယ်ကို နှမြောဖို့ ကောင်းပါတယ်”
“ဒီအချက်ကို အသုံးချပြီး သူတို့ဟာ အကူးအပြောင်း ကစားဟန်မှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ပြသပြီး အသာစီး ရယူသွားခဲ့တာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။