
ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းကံကောင်းခဲ့တဲ့အချက်ကို ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ အန်းစလော့
ပီအက်စ်ဂျီကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူ့ရဲ့အသင်း ကံကောင်းခဲ့တယ်လို့ လီဗာပူးနည်းပြအန်းစလော့က အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်မှာ လီဗာပူးက ပီအက်စ်ဂျီကို လူစားဝင်ကစားသမားအယ်လီယော့ရဲ့နောက်ကျသွင်းဂိုးနဲ့အနိုင်ယူပြီး လာမယ့်သီတင်းပတ်၊ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် အရေးပါတဲ့ဦးဆောင်မှုတစ်ခု ရရှိခဲ့ပါတယ်။
တဖက်မှာလည်း အိမ်ရှင်တွေက အခုပွဲစဉ်တလျှောက်လုံး ပြိုင်ဘက်ကို အသာစီးရယူကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲချိန်အတွင်း ပီအက်စ်ဂျီအတွက် ခဗာရက်စ်ခီလီယာက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် VAR ရဲ့ ကြားဖြတ်ဝင်ရောက်မှုကြောင့် ဒီသွင်းဂိုးကို ပြန်လည်ပယ်ဖျက်ပေးခဲ့ရပါတယ်။ အခုပွဲစဉ်အတွက် ယူအီးအက်ဖ်အေနည်းစနစ်ကော်မတီရဲ့အကောင်းဆုံးကစားသမားဆုရဂိုးသမားအလီဆင်က ပြိုင်ဘက်ရဲ့သေချာပေါက်ဂိုးကန်သွင်းမှုငါးကြိမ်ကို အကောင်းဆုံးကာကွယ်ပြပြီး လီဗာပူးအသင်းအတွက် အကျိုးရှိစေခဲ့ပါတယ်။
အန်းစလော့ကတော့ အခုပွဲစဉ်မှာ သရေကျမယ်ဆိုရင်တောင် ကံကောင်းတဲ့ရလဒ်တစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ လီဗာပူးနည်းပြက “ အခုပွဲစဉ်မှာ သရေကျမယ်ဆိုရင်တောင် ကျွန်တော်တို့က ကံကောင်းသူတွေ ဖြစ်နေတုန်းပါပဲ။ ဒီနေ့မှာဆိုရင် ပီအက်စ်ဂျီက ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း သူတို့ အခွင့်အရေးတွေအများကြီးရရှိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်မှာလည်း သူတို့တွေက ပိုကောင်းတဲ့အသင်း ဖြစ်နေတုန်းပါပဲ။
ဒါက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ပါရီရဲ့အရည်အသွေးကိုလည်း ခံစားခဲ့ရပါတယ်။ အချက်အလက်တိုင်းက ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်မှာ ပိုကောင်းတဲ့အသင်းဆိုတာ ဖော်ပြပေးနေပါတယ်။ သူတို့ရဲ့ခြေစွမ်းကောင်းမွန်မှုကို ကျွန်တော်ကတော့ မအံ့သြမိပါဘူး။ကျွန်တော်တို့အသင်း ခြေစွမ်းမကောင်းတာမျိုးမဟုတ်ဘဲ ပြိုင်ဘက်ရဲ့အရည်အသွေးကြောင့်သာ အခုလိုမျိုး ဖြစ်သွားတာပါ။ ဒီနေ့မှာ ပီအက်စ်ဂျီက သူတို့ရဲ့အရည်အသွေးတွေကို ထုတ်ပြခဲ့ပါတယ်။ လူးဝစ်အင်းနရစ်က ပြင်သစ်မြေမှာ အံ့အားသင့်လောက်စရာကောင်းတဲ့ အသင်းတစ်ခုကို ဖန်တီးထားနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။ လီဗာပူးက လာမယ့်စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားရပါမယ်။