
ယူနိုက်တက်မှထွက်ခွာပြီး အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့သွားတဲ့ ဆန်ချို
မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာခဲ့ပြီဖြစ်ပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ The Athletic သတင်းဌာနရဲ့အဆိုအရ အက်စတွန်ဗီလာအနေနဲ့ ဆန်ချိုကို တစ်ရာသီအငှားစာချုပ်နဲ့သာခေါ်ယူပေမယ့် ကစားသမားရဲ့လစာ ၈၀ ရာခိုင်နှုန်းကိုပေးချေသွားရမှာဖြစ်ပြီး ယူနိုက်တက်က ကျန်ရှိတဲ့ ၂၀ ရာခိုင်နှုန်းကို ဆက်လက်ပေးချေဖို့သဘောတူညီထားတယ်လို့သိရပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးသို့အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပြီး ယခုအခါမှာတော့ အက်စတွန်ဗီလာသို့ နောက်ထပ်အငှားစာချုပ်နဲ့ပဲ ထွက်ခွာသွားတာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိ ယူနိုက်တက်နဲ့ဗီလာတို့သဘောတူညီထားတဲ့စာချုပ်အရ ဗီလာအနေနဲ့ လာမယ့်နွေရာသီမှာ ဆန်ချိုကို အပြီးသတ်ဝယ်ယူခွင့်ရမှာမဟုတ်လို့ ကစားသမားဟာ ရာသီကုန်မှာ အိုးလ်ထရက်ဖို့ဒ်သို့ တဖန်ပြန်လည်ရောက်ရှိလာဦးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အက်စတွန်ဗီလာဟာ လီဗာပူးတောင်ပံကစားသမား ဟာဗေးအီလီယော့ကိုလည်း တစ်ရာသီအငှားစာချုပ်နဲ့ခေါ်ယူခဲ့ပြီး ရာသီကုန်ပါက အပြီးသတ်ဝယ်ယူခွင့်ရရှိသွားမယ်လို့သိရပါတယ်။
ဆန်ချိုဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး နောက်ထပ် ၁၂ လ ထပ်မံသက်တမ်းတိုးခွင့်ရှိနေပါတယ်။ အက်စတွန်ဗီလာအနေနဲ့ ယခုနွေရာသီအတွင်း FFP စည်းမျဉ်းစည်းကမ်းတွေကို ထိန်းညှိခဲ့ရတာကြောင့် ယခုလို ဆန်ချိုနဲ့ အီလီယော့တို့ကို အငှားနဲ့ခေါ်ယူလိုက်ခြင်းက အသင်းအတွက် အတော်လေးအဆင်ပြေစေတယ်လို့သိရပါတယ်။
အူနိုင်းအမ်မရီရဲ့အသင်းဟာ ဆန်ချိုကိုခေါ်ယူနိုင်ဖို့ ကာလရှည်ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ရပြီး တစ်ချိန်တည်းမှာပဲ အသင်းရဲ့ဂိုးသမား အီမီလီယာနိုမာတီနက်ဇ်ရဲ့အပြောင်းအရွှေ့အတွက်လည်း ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ သို့သော်လည်း ယူနိုက်တက်က အန့်တ်ဝပ်ဂိုးသမား လမ်မန်းစ်ကိုခေါ်ယူလိုက်တာကြောင့် မာတီနက်ဇ်အနေနဲ့ ဗီလာမှာပဲ ဆက်လက်ကျန်ရှိတော့မှာဖြစ်ပါတယ်။
အသက်-၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆန်ချိုဟာ ယူနိုက်တက်မှာနေရာရဖို့ရုန်းကန်ခဲ့ရပေမယ့် ခြေစွမ်းပိုင်း အလွန်ကျဆင်းသွားခြင်းမရှိဘဲ ပြီးခဲ့တဲ့ရာသီက ချဲလ်ဆီးနဲ့အတူ ကွန်းဖရန့်လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အီလီယော့ကလည်း အလားအလာရှိတဲ့ လူငယ်ကစားသမားဖြစ်တာကြောင့် အမ်မရီအနေနဲ့ ယခုနှစ်ရာသီ အက်စတွန်ဗီလာရဲ့တိုက်စစ်ကို ပိုမိုတောက်ပြောင်အောင် အရောင်တင်ပေးနိုင်ဖို့ရှိနေပါတယ်။
ဆန်ချိုဟာ ယခုအခါမှာတော့ ဗီလာပါ့ခ်သို့ရောက်ရှိနေပြီဖြစ်ပြီး အက်စတွန်ဗီလာအသင်းဖော်သစ်တွေနဲ့ ပူးပေါင်းမှုတွေစတင်ပြုလုပ်တော့မယ်လို့သိရပါတယ်။