
အသုံးစရိတ်ပိုင်းနဲ့ပတ်သက်လို့ စောင့်ကြည့်ခံနေရချိန်မှာပဲ ဖလော်ရီယန်ဝစ်ဇ်အပေါ် ကာကွယ်ပေးသွားတဲ့ အန်းစလော့
ကလပ်အသင်းအသုံးစရိတ်နဲ့ပတ်သက်လို့ ဝေဖန်သံတွေထွက်ပေါ်နေချိန်မှာပဲ အခုနွေရာသီခေါ်ယူမှုကို လက်မလွှတ်သင့်ဘူးလို့ ပြောဆိုကာ လီဗာပူးနည်းပြအန်းစလော့က ဖလော်ရီယန်ဝစ်ဇ်အပေါ် ကာကွယ်ပေးခဲ့ပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့တွေအနက် အထင်ရှားဆုံးတစ်ခုအဖြစ် လေဗာကူဆင်မှ ရောက်ရှိလာတဲ့ ဝစ်ဇ်က ကလပ်အသင်းအတွက် သွင်းဂိုးရယူပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ အန်းစလော့က လီဗာပူးရင်ဆိုင်ခဲ့ရတဲ့ အဖွင့်ပွဲစဉ်တွေရဲ့အခြေအနေကို လစ်လျူရှုထားကြတယ်လို့ ရှင်းပြပါတယ်။
အန်းစလော့က “ ကျွန်တော်က ဘုန်းမောက်၊ နယူးကာဆယ်၊ အာဆင်နယ်၊ ဘန်လေတို့လို စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့၊ အချို့ဆိုရင် အိမ်ကွင်းမှာရှုံးပွဲမရှိတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ဖို့ ဒီလူစာရင်းကို ချမှတ်ပေးခဲ့တာပါ။ အထူးသဖြင့် အခြားကလပ်အသင်းတွေကို အားပေးနှစ်ခြိုက်တဲ့ ဘောလုံးဝေဖန်သုံးသပ်သူတွေက ကျွန်တော်တို့ရဲ့ကစားသမားသစ်တွေအပေါ် အလွန်အမင်းအာရုံစိုက်လာခဲ့ပါတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့အသုံးစရိတ်ဖြစ်တဲ့ ပေါင်သန်း ၄၅၀ ဆိုတဲ့ပမာဏကိုပဲ မပြီးနိုင်မစီးနိုင်ပြောနေခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားရောင်းချမှုမှ ကျွန်တော်တို့ရရှိခဲ့တဲ့ ပေါင်သန်း ၃၀၀ ဆိုတဲ့ ငွေကြေးပမာဏကို သူတို့တွေ အမြဲတမ်းမေ့ထားခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က လီဗာပူးရဲ့အပြောင်းအရွှေ့နည်းဗျူဟာကို တဖန်ပြန်လည်ရင်းနှီးမြှုပ်နှံမှုနဲ့ အဓိကသက်ဆိုင်တဲ့ ကြောင်းကျိုးဆီလျော်စွာသုံးစွဲမှုလို့ ထောက်ပြခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက “ ကျွန်တော်တို့အသင်းခေါ်ယူခဲ့တဲ့ ကစားသမားတွေက ဈေးကြီးပါတယ်။ ဒါပေမဲ့ သူတို့က အခုလိုပမာဏမျိုးထိုက်တန်နေသူတွေနဲ့ အတူတွဲဖက်ကစားနေပါပြီ။ မနက်ဖြန်မှာသာ ဆိုဘိုဆလိုင်းကို ဈေးကွက်တင်လိုက်မယ်ဆိုရင် ပေါင်သန်း ၁၀၀ အသာလေးရပါတယ်။ ဈေးကွက်ဆိုတာ ဒါပါပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် နယ်သာလန်သားက ပြုစုပျိုးထောင်နေဆဲကစားသမားတွေအပေါ် တန်းတူရည်တူစိစစ်လေ့လာသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။ သူက “ ဒီနေရာမှာ ဖလော်ရီယန်ဝစ်ဇ်အပေါ် အာရုံစိုက်မှုတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဖလော်ရီယန်ဝစ်ဇ်နဲ့တန်းတူကစားသမားတွေထဲမှာ လေးဂိုးသွင်းယူထားမျိုး သို့မဟုတ် ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ စွမ်းဆောင်ထားတာမျိုး မရှိသေးပါဘူး”လို့ ဆိုပါတယ်။
အန်းစလော့ရဲ့အသင်းက အက်သလက်တီကိုမက်ဒရစ်နဲ့ ဗုဒ္ဓဟူးနေ့၊ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်အပြီး သီတင်းပတ်ကုန်ပိုင်းမှာ အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီကို ဆင်နွှဲသွားရပါမယ်။