The network connection is lost.

Banner Image

ဘန်လေနဲ့သရေပွဲစဉ်အပြီး လီဗာပူးပရိသတ်တွေရဲ့စိတ်ပျက်မှုကို နားလည်ပေးနိုင်ပါတယ်လို့ ဆိုလိုက်တဲ့ အန်းစလော့

ဘန်လေနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးပရိသတ်တွေရဲ့ စိတ်ပျက်လက်ပျက်ဝေဖန်မှုကို အပြည့်အဝနားလည်ပေးနိုင်တယ်လို့ အန်းစလော့က ပြောပါတယ်။
အန်ဖီးလ်မှာ ဖလော်ရီယန်ဝစ်ဇ်က အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်း အက်ဒ်ဝက်စ်က ဘန်လေအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူခဲ့ပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးက အခုရာသီ၊ အန်ဖီးလ်မှာ တန်းတက်အသင်းအားလုံးကို အနိုင်မရရှိတဲ့ စံချိန်မှတ်တမ်းတစ်ခုနဲ့အတူ လိဂ်နောက်ဆုံးလေးပွဲဆက် သရေတစ်မှတ်သာရရှိတဲ့မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။ လတ်တလောမှာ လီဗာပူးက အမှတ်ပေးဇယားစတုတ္ထနေရာမှာ ရပ်တည်နေပေမယ့် အဆင့်-၅ နေရာရှိ မန်ချက်စတာယူနိုက်တက်နဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
အန်ဖီးလ်လူအုပ်ကြီးရဲ့ပွဲပြီးတုံ့ပြန်ပုံအကြောင်း မေးမြန်းလာချိန် အန်းစလော့က “ မှန်ပါတယ်။ ကျွန်တော့်ရဲ့ခေါင်းထဲမှာလည်း အော်ဟစ်သံတင်မက စိတ်ပျက်လက်ပျက်ဖြစ်နေမှုတွေပါ ကြားသိရပါတယ်။
တဖက်မှာလည်း ဘန်လေရဲ့ခံစစ်ကစားပုံ၊ ဂိုးစည်းပေါ်မှုမှတဆင့် ရှင်းထုတ်ပုံတွေကို အသိအမှတ်ပြုပေးရပါမယ်။ ဘန်လေနည်းပြဆိုရင်လည်း ကျွန်တော်တို့အသင်းဂိုးသွင်းယူမှုကိုခုခံဖို့ အရာရာတိုင်း လုပ်ဆောင်နေတဲ့မြင်ကွင်းမျိုးကို မြင်တွေ့ချင်ပါလိမ့်မယ်။
ဒါပေမဲ့ လီဗာပူးအတွက်တော့ ဘန်လေကို အိမ်ကွင်းမှာသရေကျလို့ စိတ်မပျက်မိဘူးဆိုရင် တစ်ခုခုတော့ မှားနေပါပြီ။ စိတ်ပျက်နေမှုတွေကို အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ ကျွန်တော့်မှာလည်း တူညီတဲ့စိတ်ပျက်မှုမျိုး ရှိပါတယ်။ ကစားသမားတွေလည်း ပရိသတ်တွေလိုပဲ စိတ်ပျက်နေကြပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
စနေ့ပွဲစဉ်ရလဒ်ပိုင်းက လီဗာပူးအတွက် အခုရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အနိုင်ရရှိနေတဲ့အခြေအနေမှ အမှတ်လျော့ကျတဲ့တတိယမြောက်ပွဲစဉ် ဖြစ်လာပါတယ်။ အခုပွဲစဉ်မှာ အန်းစလော့ရဲ့အသင်းက ဂိုးပေါက်တည့်ကန်ချက် ၁၁ ကြိမ်အပါအဝင် ဂိုးပေါက်ကန်သွင်းမှု ၃၂ ကြိမ်အပြင် အခုရာသီ၊ လိဂ်ပြိုင်ပွဲမှတ်တမ်းတွေအရ သူတို့တွေအတွက် ဂိုးမျှော်လင့်ခွင့်အမြင့်ဆုံးအဖြစ် xG- 2.95 အထိ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၂ ပွဲကစား၊ ၁၄ မှတ်သာရရှိထားလို့ တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရတဲ့ ဘန်လေနဲ့ရင်ဆိုင်ရချိန် လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု ၇၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။
ဆက်လက်ပြီး အန်းစလော့က “ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အမြဲတမ်းစိတ်ပျက်နေရပါတယ်။ ဒီလိုအရာတွေဟာ ပုံစံအမျိုးမျိုးနဲ့လာတတ်ပါတယ်။ တခါတလေ နာကျင်အချိန်ပိုမှာ ဂိုးသွင်းလိုက်လို့ နိုင်ပြီထင်နေချိန်မှာပဲ ချေပဂိုးပြန်ပေးလိုက်ရတဲ့ပုံစံမျိုးပေါ့။
ကျွန်တော်တို့ကစားခဲ့တဲ့ပွဲစဉ်အများစု [စက်တင်ဘာမှ နိုဝင်ဘာအထိ ပွဲစဉ် ၁၉ ခုအနက် ကိုးခု]မှာ ကျွန်တော်တို့က ပြိုင်ဘက်ထက် အခွင့်အရေးတွေပိုမိုဖန်တီးနိုင်ပေမယ့် အဲ့ဒီပွဲစဉ်တွေကို ရှုံးနိမ့်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ကျွန်တော်တို့က ပြိုင်ဘက်ဆီ အခွင့်အရေးမပေးမိဖို့ ပိုဂရုစိုက်လာရာ တဖက်မှာလည်း အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ဖို့ ပိုခက်ခဲလာပါတယ်။
အကျိုးဆက်အားဖြင့် ပွဲစဉ်အများစုမှာ ကျွန်တော်တို့ မရှုံးတော့ပါဘူး။ ဒီနေ့ပွဲစဉ်မှာလည်း ကျွန်တော်တို့က ပုံမှန်ထက်ဘောလုံးပိုင်ဆိုင်မှုပိုများပြီး အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့လို့ မြင်တွေ့ချင်တဲ့ပွဲစဉ်မျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့ ပိုပြီးစွန့်စွန့်စားစားကစားမယ်ဆိုရင် ပြိုင်ဘက်ရဲ့တန်ပြန်တိုက်စစ်နဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဒီအချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။