The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲစဉ်အနိုင်ရလဒ်အပေါ် အပြည့်အဝပျော်ရွှင်ကြဖို့ ဝုဗ်ပရိသတ်တွေဆီ ရိုဒရီဂိုဂိုးမက်စ်တိုက်တွန်း

အင်္ဂါညပိုင်း၊ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ အနိုင်ရလဒ်အတွက် အပြည့်အဝပျော်ရွှင်ကြည်နူးကြဖို့ ဝုဗ်ကစားသမားရိုဒရီဂိုဂိုးမက်စ်က ပရိသတ်တွေဆီ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဂိုးမက်စ်က အက်စတွန်ဗီလာနဲ့ဒါဘီပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီး ရက်ပိုင်းအကြာမှာပဲကစားခဲ့တဲ့ လီဗာပူးနဲ့ပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး သူက "ဒါဟာ တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ ညတစ်ခုဖြစ်ပါတယ်။ ပရိသတ်တွေရှေ့မှာ၊ မီးရောင်အောက်မှာ ကစားရင်း နှစ်ပွဲဆက်အနိုင်ရရှိမှုက တကယ့်ကို အံ့ဩဖို့ကောင်းလှပါတယ်။ ဒီပွဲကလည်း အရင်ပွဲလိုပဲ ထူးခြားပါတယ်။ လီဗာပူးက အသင်းကောင်းတစ်ခုဖြစ်လို့ ခက်ခဲတဲ့ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ယုံကြည်မှုကို ပြသနိုင်ခဲ့သလို အသင်းက အရှိန်အဟုန်ကောင်းတဲ့အခြေအနေတစ်ခုမှာ ရှိနေတယ်ဆိုတာကိုလည်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကိုလည်း ဆက်ထိန်းထားဖို့ လိုပါတယ်။ အသင်းဖော်တွေအားလုံး တကယ်ကိုကောင်းကောင်းကစားနိုင်ကြသလို အခုလိုအနိုင်ရအောင် အသင်းကိုကူညီပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်။ ဒီနိုင်ပွဲကို ကျွန်တော်တို့ ပျော်ပျော်ပါးပါးဆင်နွှဲဖို့ လိုပါတယ်" လို့ ၎င်းက ဆိုပါတယ်။

နည်းပြ ရော့ဘ်အက်ဒဝပ်စ်ရဲ့ နည်းဗျူဟာပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ဂိုးမက်စ်က "ကျွန်တော်တို့ ခံစစ်ကို အရမ်းကောင်းအောင်ကစားနိုင်ခဲ့ပါတယ်။ အသင်းက စုစုစည်းစည်းရှိခဲ့လို့ လီဗာပူးကို ဂိုးသွင်းခွင့်အများကြီးမပေးခဲ့ရပါဘူး။ အခွင့်အရေးရတဲ့အချိန်မှာတော့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော် ဂိုးသွင်းခဲ့သလို အန်ဒရေလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ သူ့အတွက် တကယ်ဝမ်းသာပါတယ်။ သူ့ရဲ့ပထမဆုံးဂိုးက တကယ့်ကို မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့တာက အရေးကြီးဆုံးအချက်ပါပဲ။ ဒါကြောင့် ဒီနိုင်ပွဲကို ပျော်ပျော်ပါးပါးပဲ ဖြတ်သန်းသွားရပါမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။