ဖလော်ရီယန်ဝစ်ဇ်အတွက် အစပျိုးရုံမျှသာ ရှိသေးတယ်လို့ ဆိုလိုက်တဲ့ လီဗာပူးကြယ်ပွင့်
လီဗာပူးကစားသမားသစ်ဖရင်းပေါင်က ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည် ဘယ်လောက်အထိကောင်းမွန်သလဲဆိုတာ ကိုယ်တိုင်သိရှိထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး ဂျာမန်သားအနေဖြင့် သူ့ရဲ့ပေါင် ၁၁၆ သန်းတန်ပြောင်းရွှေ့ကြေးပမာဏကို မကြာခင်ပြန်ပေးဆပ်တော့မယ်လို့ ယူဆနေပါတယ်။
အမြင့်ပျံနေတဲ့ညာအစွန်နောက်ခံလူဖရင်းပေါင်က ပြောင်းရွှေ့ကြေးပေါင် ၂၉ ဒဿမ ၅ သန်းဖြင့် လေဗာကူဆင်မှ လီဗာပူးဆီ ကနဦးပြောင်းရွှေ့လာခဲ့ပြီး ဒီအပြောင်းအရွှေ့ကြောင့်ပဲ ဖလော်ရီယန်ဝစ်ဇ်အတွက် လမ်းခင်းပေးသလို ဖြစ်သွားခဲ့ပါတယ်။ ကလပ်အသင်းနှစ်ခုအကြား ဖရင်းပေါင်အတွက် ဆွေးနွေးနေချိန်မှာပဲ ဖလော်ရီယန်ဝစ်ဇ်အတွက်ပါ တပါတည်းဆွေးနွေးခဲ့ကြပါတယ်။
အခုတော့ ပြင်းထန်ပေါင်ခြံဒဏ်ရာမှပြန်လာနိုင်ပြီဖြစ်တဲ့ ဖရင်းပေါင်က မကြာခင်ကာလအတွင်း ဖလော်ရီယန်ဝစ်ဇ် အောင်မြင်လာမယ်လို့ ယူဆနေပြီး ပြောင်းရွှေ့ကြေးကြီးမားနေမှုကို သူ့ရဲ့သူငယ်ချင်း ဂရုမစိုက်ဘူးလို့လည်း ယုံကြည်နေပါတယ်။
အသက်-၂၅ နှစ်အရွယ်ကစားသမားက “ ဖလော်ရီယန်ဝစ်ဇ်ဆိုတာ ထိပ်တန်းကစားသမားပါ။ သူ ဘယ်လောက်အထိကောင်းသလဲဆိုတာ ကျွန်တော်သိပါတယ်။ အင်တာဗျူးအစီအစဉ်တွေမှာ ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ၊ သူ့ကြောင့်သာမဟုတ်ဘူးဆိုရင် လေဗာကူဆင်နဲ့အတူ treble (ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ဖလားနဲ့ ယူရိုပါလိဂ်ဒုတိယဆု)ကို ကျွန်တော် မရရှိခဲ့ပါဘူး။
ဒါကြောင့် သူ ဘယ်လောက်ကောင်းသလဲဆိုတာ ကျွန်တော်တို့ သိကြပါတယ်။ အခုဖလော်ရီယန်ဝစ်ဇ်ကို မြင်တွေ့ရတာ အစမျှသာရှိပါသေးတယ်။ အများကြီးလာပါလိမ့်ဦးမယ်။
ဖလော်ရီယန်ဝစ်ဇ်ဆိုတာ ပြောင်းရွှေ့ကြေးတွေ၊ အခြားအရာတွေကို ဂရုစိုက်တတ်တဲ့ ကစားသမား မဟုတ်ပါဘူး။ သူက ဘောလုံးကစားရရင်ကို ပျော်ရွှင်နေတာပါ။ ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်အရဆိုရင် ဖလော်ရီယန်ဝစ်ဇ်ဟာ ဖိအားတွေကို ကောင်းကောင်းခံနိုင်တယ်လို့ ထင်ပါတယ်။ သူက ဘောလုံးကို ခြေထောက်ထဲထားပြီးကစားရတာကို ကြိုက်နှစ်သက်တဲ့ကောင်လေးပါ။
ဘောလုံးကစားချိန်ဆိုရင် သူပျော်ရွှင်နေပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်တော့ သူက အခြားအရာတွေကို ဂရုမစိုက်တတ်ပါဘူး။ အမှန်ပါပဲ၊ ပြင်ပမှာပြောနေကြတဲ့ ပေါင် ၁၁၆ သန်းဆိုတာ ဘာပါလဲ? အဲ့ဒီအရာတွေကို သူ ဂရုစိုက်နေမယ်လို့ မထင်ပါဘူး။ သူကိုယ်တိုင်လည်း သူဘယ်လောက်အထိကောင်းတယ်ဆိုတာ သိပါတယ်။ သူ ပွဲကစားချင်ရုံလေးပါပဲ။
အမှန်ပါပဲ၊ တချိန်တည်းမှာ အတူတကွပြောင်းရွှေ့လာတာ ရာနှုန်းပြည့်အထောက်အကူဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဖလော်ရီယန်ဝစ်ဇ်ဆိုတာ အရမ်းကောင်းတဲ့ကောင်လေးတွေပါ။ ဒါကြောင့် သူရောက်လာမယ်ဆိုတာ ကြားမိချိန် ကျွန်တော် ပြုံးမိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နှစ်ဦးလုံး လေဗာကူဆင်မှာ ကစာသမားဘဝအတူတူစတင်ခဲ့လို့ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ဦးလုံးရဲ့ လီဗာပူးကစားသမားဘဝကိုလည်း အတူတူစတင်နေပါပြီ။
ကျွန်တော်တို့အချင်းချင်းကြားမှာ အခေါ်အပြောရှိတယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ တခါတလေတော့ အိမ်မှာ နေကြပါတယ်။ တခါတလေ ကျွန်တော်တို့နှစ်ဦးလုံး မြို့ထဲသွား၊ စားသောက်ဆိုင်ထိုင်ကြတယ်၊ ပုံမှန်ကိစ္စလေးတွေ ဖြစ်ကြပါတယ်”လို့ ပြောပါတယ်။
ဖရင်းပေါင်က ၂၀၂၁-၂၀၂၂ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာပြဿနာထိုးနှက်ချက်ကြောင့် ရာသီအစောပိုင်းလိဂ်ပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ ဒီကာလတွေမှာ သူက လေ့ကျင့်ခန်းတွေကို အပြင်းအထန်လုပ်ဆောင်ခဲ့ပါတယ်။ သူက လီဗာပူးကစားသမားဘဝအစောပိုင်းမှာ တံကောက်ကြောဒဏ်ရာနှစ်ကြိမ် ရရှိခဲ့ပြီး တစ်ကြိမ်မှာဆိုရင် ရက်သတ္တပတ်ရှစ်ပတ်ခန့် အနားယူခဲ့ရပါတယ်။
လေ့ကျင့်ခန်းတွေရဲ့ကောင်းကျိုးကြောင့် ဖလော်ရီယန်ဝစ်ဇ်လိုပဲ ဖရင်းပေါင်ရဲ့ကြံံ့ခိုင်မှု လေးကီလိုဂရမ်နီးပါး မြင့်တက်လာပြီး ပွဲနေ့တွေမှာ တိုးတက်လာစေဖို့ ညာနောက်ခံလူတွေအကြောင်း လေ့လာနေတယ်လို့ သိရပါတယ်။
ဖရင်းပေါင်က “ ကျွန်တော်က ဒဏ်ရာရလေ့ရှိသူမျိုး မဟုတ်လို့ ဘေးထွက်ထိုင်နေရတဲ့အချိန်တွေဟာ အလွန်ခက်ခဲပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက်ဆိုရင်လည်း ကိုင်တွယ်ရတာ အလွန်ခက်ခဲပါတယ်။ အခုတော့ ကျွန်တော် ပြန်ကျန်းမာလာပါပြီ။ ခံစားချက်လည်း ကောင်းမွန်နေပါတယ်။
ဒဏ်ရာပြဿနာဆိုတာ ကစားပွဲရဲ့အစိတ်အပိုင်းတစ်ခုလို့ ထင်ပါတယ်။ ဒဏ်ရာဆိုတာ လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ကျွန်တော့်အလှည့်ရောက်လာတယ်လို့ပဲ ယူဆမိပါတယ်”လို့ ဆိုပါတယ်။
လီဗာပူးက ဒီည၊ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး ဂျိုးဂိုးမက်ဇ်လည်း ပြန်ပါဝင်လာလို့ အားတက်နေကြပါလိမ့်မယ်။